မတရားအသင်း ဆက်နွယ်သည့်ပုဒ်မဖြင့် ဖမ်းခံထားရသူ နှစ်ဦးကို ပြန်လွှတ်ရန် တောင်းဆို

မတရားအသင်း ဆက်နွယ်သည့်ပုဒ်မဖြင့် ဖမ်းခံထားရသူ နှစ်ဦးကို ပြန်လွှတ်ရန် တောင်းဆို
by -
မဇ္စျိမ

မတရားအသင်းနှင့် ဆက်နွယ်သည့် ပုဒ်မဖြင့် ဖမ်းဆီးထောင်ချခံနေရသည့် ကချင်စစ်ပြေး ဒုက္ခသည် ဦးလဖိုင်ဂမ်နှင့် ဦးဘရန်ရုန်းတို့ နှစ်ဦးအား ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် ကချင်ပြည်နယ် လူမှုအဖွဲ့အစည်း ၃၄ ဖွဲ့က အောက်တိုဘာလ ၁၃ ရက်တွင် ထပ်မံလက်မှတ်ရေးထိုး တောင်းဆိုလိုက်သည်။

မြစ်ကြီးနားမြို့နယ် ရွှေစက်ရပ်ကွက်ရှိ ကချင်နှစ်ချင်းခရစ်ယာန်အသင်းတော် ဒုက္ခသည်စခန်းမှ ထောင်ချခံရသည့် စစ်ပြေးဒုက္ခသည် ဦးလဖိုင်ဂမ်နှင့် ဦးဘရန်ရုန်းတို့ကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် ကချင်ပြည်နယ်မှ ဘာသာရေး အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ယဉ်ကျေးမှုအဖွဲ့၊ ထိုအမှုအား ကူညီပေးနေသော ရှေ့နေများနှင့် သူတို့၏ မိသားစုဝင်များ အပါအဝင် အဖွဲ့အစည်း ၃၄ ဖွဲ့က ထပ်မံ လက်မှတ်ရေးထိုး  တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

“အရင်တခါ သူတို့ မိသားစုက သမ္မတကို တောင်းဆိုတယ်။ သမ္မတကလည်း ဘာမှ အကြောင်းမပြန်ဘူး။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကော်မတီကလည်း စုံစမ်းမယ်ဆိုတာပဲ တွေ့တယ်။ တခြား လက်တွေ့စုံစမ်းတာ မရှိဘူး။ ဒါကြောင့် ကချင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်နေလို့ ကျွန်တော်တို့ ပြန်လက်မှတ်ရေးထိုးပြီး တောင်းဆိုလိုက်တာပါ”ဟု ရှေ့နေ ဦးဂျီမာခါးက ပြောသည်။

သမ္မတ ဦးသိန်းစိန် အစိုးရမှ အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရွက်ပေးပါရန်၊ နောက်နောင် ဤကဲ့သို့ အဖြစ်အပျက်များ ထပ်မံမဖြစ်ပွားရန်၊ ၎င်းတို့နှစ်ဦးအား ကုစားမှုနှင့် ကချင်ပြည်နယ်တွင် ဥပဒေမဲ့ ပြစ်မှုကျူးလွန်သူများအား အမြန်ဆုံး စုံစမ်းဖော်ထုတ် အရေးယူပေးရန်၊ လူ့အခွင့်အရေး ချိုးဖောက်သူများကို အရေးယူ ဆောင်ရွက်ပေးရန် အချက် ၄ ချက်ကို တောင်းဆိုထားသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လ ၉ ရက်က ၎င်းတို့၏ သားသမီးများ၏ ကျောင်းစရိတ် အခက်အခဲကြောင့် တာလောကြီး ကျေးရွာသို့ အခကြေးငွေဖြင့် ကွဲျ၊ နွားမောင်ရန် လိုက်ပါသွားရာမှ အစိုးရ၏ ခလရ ၃၇ တပ်ရင်းက ဖမ်းဆီးခဲ့သည်။

၎င်းတပ်ရင်းနှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဘက်ရေးရာလုံခြံုရေးတပ်ဖွဲ့ (စရဖ)တို့က ဖမ်းဆီးစစ်ဆေးစဉ် ၎င်းတို့နှစ်ဦးအား ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) တပ်ဖွဲ့များ ဖြစ်သည်ဟု ဆိုကာ ခြိမ်းခြောက်ပြောဆိုခြင်းနှင့် နှိပ်စက်ညှင်းပန်းခြင်းများ ပြုလုပ်ခဲ့သဖြင့် ကချင်ပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုမှာ အဆိုးဝါးဆုံးဖြစ်နေသည်ဟု ရှေ့နေ ဦးဂျီမာခါးက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း KIO အဖွဲ့ဝင်များဟု စွပ်စွဲ၍ မတရားအသင်းဖြင့် ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ ဖောက်ခွဲမှုတို့ဖြင့် ဦးလဖိုင်ဂမ်ကို ထောင်ဒဏ် ၂၀ နှင့် ဦးဘရန်ရုန်းကို ထောင်ဒဏ် ၂၁ နှစ်အထိ အသီးသီးချမှတ်ခဲ့သည်။