သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပိုစတာတွင် သမ္မတပုံ ပါနေခြင်းကြောင့် ဖြုတ်သိမ်းခိုင်း

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပိုစတာတွင် သမ္မတပုံ ပါနေခြင်းကြောင့် ဖြုတ်သိမ်းခိုင်း
by -
မဇ္စျိမ

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအပေါ် အသိပညာပေးထားသော ပိုစတာများတွင် သမ္မတ ဦးသိန်းစိန်ဓာတ်ပုံပါနေသည့်အတွက် စိုက်ထူပြီး တစ်ပတ်အကြာတွင် မြို့နယ်စည်ပင်က ပြန်ဖြုတ်ခိုင်းသည့် အတွက် အောက်တိုဘာ ၁၁ရက်တွင် ဖြုတ်သိမ်းလိုက်ရသည်ဟု ရေးမြို့ အလင်းအိမ်စာဖတ်အသင်း အတွင်း ရေးမှူး ကိုဘုန်းမြတ်ဟန်က ပြောသည်။

ရေးမြို့အတွင်း နေရာသုံးခုတွင် အလင်းအိမ်စာဖတ်အသင်းက စိုက်ထူထားသော ပိုစတာများတွင် သမ္မတပုံ ပါရှိနေခြင်းမှာမသင့်တော် ကြောင်းရဲများ၏ဖိအား   ပေးမှုကြောင့် ဖြုတ်ခိုင်းခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင် အမှုဆောင်အရာရှိက ခေါ်ပြောခဲ့သည်ဟု ကိုဘုန်းမြတ်ဟန်က ဆိုသည်။

“နှုတ်နဲ့ပဲခွင့်ပြုချက် တောင်းခဲ့တယ်။သူတို့ကလည်း နှုတ်နဲ့ပဲခွင့်ပြုခဲ့တယ်။ထူတဲ့ နေ့မှာလည်းသူတို့ကိုထပ်ပြီးအကြောင်းကြားသေးတယ်။ ထောင်ပြီးလို့တစ်ပတ် ကြာမှ ခုလို ပြန်ဖြုတ်ခိုင်းတာ ကျွန်တော်တို့အနေနဲ့ စိတ်မကောင်း ဖြစ်မိတယ်” ဟု  ၎င်းက ပြောသည်။

ဖြုတ်သိမ်းခံရသည့် ပိုစတာတွင် နိုင်ငံတော်သမ္မတ၏ ရုပ်ပုံနှင့် ယှဉ်တွဲပြီး မြန်မာနိုင်ငံသူ နိုင်ငံသား တို့၏အကျိုးစီးပွားကိုကာကွယ်ရန်၊ နိုင်ငံတော်၏ဂုဏ်သိက္ခာ ကို ကာကွယ်ရန်၊ နိုင်ငံတော်၏ အချုပ် အခြာအာဏာကို ကာ ကွယ်ရန်နှင့် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်သော ရင်းနှီးမြှုပ်နှံမှုကိုသာ ခွင့်ပြုရန် ဟူသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု မူဝါဒ လေးရပ် ပါဝင်သည်ဟု ရေးသားထားသည်။

ပိုစတာ ဖြုတ်သိမ်းခိုင်းခြင်းနှင့် ပတ်သက်၍ ရေးမြို့နယ် စည်ပင် အမှုဆောင် အရာရှိ ဦးထွန်းရှိန်ကို မေးမြန်းရာ တွင် တစ်စုံတစ်ရာ မှတ်ချက်ပေးရန် ငြင်းဆိုသလို ရေးမြို့နယ် ရဲတပ်ဖွဲ့မှူးကို မေးမြန်းရာတွင်လည်း စည်ပင်နှင့် သက်ဆိုင်သည့်ကိစ္စဖြစ်သည့်အတွက် ၎င်းတို့နှင့် မသက်ဆိုင်ဟု ဆိုသည်။

ရေးမြို့နယ်သည် တောတောင်သဘာဝ အရင်းအမြစ်များ ပေါကြွယ်ဝသော်လည်း လက်ရှိတွင် သစ်ထုတ်လုပ် မှုများကြောင့်သစ်တောပြုန်းတီးမှုနှင့်ကြံုတွေ့နေ ရပြီး ရေးမြို့နယ် အံဒင် ကျေးရွာတွင်လည်း Toyo Thai ကုမ္ပဏီက လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် ၁၂၈၀ ထုတ် ကျောက်မီး သွေးစက်ရုံကို တည်ဆောက်ရန် ပြင် ဆင်မှုများ ရှိနေသည့်အတွက် သဘာဝပတ်ဝန်းကျင်အတွက် ခြိမ်းခြောက်မှုများနှင့် ကြုံတွေ့နေရသည်။

ပိုစတာစိုက်ထူရခြင်းနှင့် ပတ်သက်၍ ကိုဘုန်းမြတ်ဟန်က “သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ရပ်ရွာလူထုတွေကို အသိပညာပေးဖို့က တစ်ခု၊ နောက်တစ်ခု က ကျွန်တော်တို့ နိုင်ငံမှာ အခြေခံ ဥပဒေတွေ၊ သမ္မတ ပြောထားတဲ့ မူဝါဒတွေ ရှိပါတယ်။ အဲဒီမူဝါဒတွေက သဘာဝပတ်ဝန်းကျင်ကို ဘယ်လောက် အကာအ ကွယ်ပေးထားသလဲပေါ့။ နောက်ပြီးတော့ ကျွန်တော်တို့မြို့မှာ အစိုးရတွေ၊ ကုမ္ပဏီတွေကနေ ပစ်စလက်ခတ် လာလုပ်လို့ မရအောင် သိစေချင်လို့ပါ” ဟု ပြော သည်။

အလင်းအိမ် လူငယ်စာဖတ်အသင်းကို ၂၀၁၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး စာပေဟောပြောပွဲများ၊ စာဖတ် ဝိုင်း များအပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းေ ရးနှင့် မြေယာပြဿနာဆိုင်ရာ အသိပညာပေး သင်တန်းများ ဖွင့်လှစ်ထားသည်။