အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့အကြား ဆွေးနွေးနေဆဲဖြစ် သည့် အပစ်ရပ်မူကြမ်းကို အောက်တိုဘာလ အတွင်း ဆွေးနွေးနိုင်မည်မဟုတ်ဟု NCCT အဖွဲ့ဝင် ဗိုလ်မှူး ကြီး ခွန်ဥက္ကာက မဇ္ဈိမကို ပြောသည်။
၎င်းက “ကျွန်တော်တို့ကြားမှာ အဆင်မပြေသေးဘူး။ လုပ်စရာအလုပ်တွေလည်း ကျန်သေးတယ်။ ဒါ့ကြောင့် အောက်တိုဘာမှာမရှိဘူး” ဟု ဆိုသည်။
အပြီးသတ်ရန် ကျန်ရှိနေသည့် အချက်များမှာ အပစ်ရပ်ရာတွင် နှစ် ဖက်စစ်သည်တော်များ အပြန်အလှန် လိုက်နာရမည့် ကတိကဝတ်များ၊ တပ်နေရာချထားရေးကိစ္စများ၊ အောက်ခြေတပ်များအကြား ထိခိုက်မှုမ ဖြစ်စေရန် ချမှတ်ရမည့် စည်းကမ်းချက်များ ပါ၀င်သည်။
ထို့ပြင် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်တည်ဆောက်ရေး ဆွေးနွေးမှုများ၊ အပစ်ရပ်စာချုပ်တွင် ပါ၀င် လက်မှတ်ရေးထိုးမည့်သူများ ရွေးချယ်ရေးနှင့် အပစ်ရပ်ပြီးနောက် ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါ၀င်မည့် အစုအဖွဲ့တို့ ရွေးချယ်ရေးတို့ ဖြစ်သည်။
ယင်းတို့ကို စက်တင်ဘာလအတွင်း ရန်ကုန်မြို့၌ ငါးရက်ကြာနှစ်ဖက် ဆွေးနွေးသော်လည်း သဘောတူညီ မှု တစ်စုံတစ်ရာမရသေးပေ။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “နောက် ဘယ်တော့လုပ်မယ်ဆိုတာလည်း အခု မပြောနိုင်သေးဘူး။ အခုဘာမှ အဆင် မပြေသေးပါဘူး”ဟုဆိုသည်။
အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ အကြီး တန်းအရာရှိ ဦးလှမောင်ရွှေကို တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းသော်လည်း မရပေ။