ဒေသခံ စားသောက်ဆိုင်များကို ငပလီကမ်းခြေတွင် ရောင်းချခွင့် ပိတ်ပင်

ဒေသခံ စားသောက်ဆိုင်များကို ငပလီကမ်းခြေတွင် ရောင်းချခွင့် ပိတ်ပင်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့၊ မြပြင်ရပ်ကွက် ငပလီ ပင်လယ်ကမ်းခြေရှိ စားသောက်ဆိုင် ၂၈ ဆိုင်ကို ကမ်းခြေတွင် စျေးမရောင်းရန် ဟိုတယ်လုပ်ငန်းရှင်များက ဒေသအာဏာပိုင်များနှင့် ပူးပေါင်း၍ တားမြစ်နေကြောင်း သိရသည်။

ယင်းသို့တားမြစ်ခြင်းမှာ ဒေသခံများ ရောင်းချသော စားသောက်ဆိုင်များကြောင့် ဟိုတည်များ၏ စီးပွားရေးကို ထိခိုက်၍ ဖြစ်ပုံရသည်ဟု စားသောက်ဆိုင် လုပ်ငန်းပိုင်ရှင်များက ဆိုသည်။

Ngapali

“အစ်မတို့မှာ ဒါလေးတွေကိုပဲလုပ်နေရတာဆိုတော့ အလုပ်ကတော့ ကျန်တဲ့အလုပ်ကလည်း လောလောဆယ် မလုပ်တတ်ဘူးလေ။ ဒီလုပ်ငန်းလေးကိုပဲ အစ်မတို့ကလုပ်ချင်တယ်။ ဒီလုပ်ငန်းကိုမှ မလုပ်ရတော့ဘူးဆိုရင် အစ်မတို့မှာ အလုပ်လက်မဲ့ဖြစ်သွားတော့မယ်လေ။ မိသားစုစားဝတ်နေရေး၊ သားသမီးစားဝတ်နေရေး။ သားသမီး ကျောင်းစရိတ်ကအစ အထောက်အပံ့မဖြစ်တော့ဘူး”ဟု မြပြင်ကျေးရွာမှ ငပလီဘားအမည်ရှိိ စားသောက်ဆိုင် ပိုင်ရှင် ဒေါ်မခိုင်က ပြောသည်။

ငပလီကမ်းခြေရှိ မြပြင်ရပ်ကွက်နှင့် လင်းသာရပ်ကွက်တို့တွင် တည်ရှိသော ဟိုတယ်များ၏နောက်ဘက် ပင်လယ် ကမ်းခြေများတွင် ဒေသခံများက စားသောက်ဆိုင်များ ဖွင့်လှစ်ပြီး ရောင်းချကြသည်။ ထိုသို့ ရောင်းချလာသည်မှာလည်း နှစ်ပေါင်းများစွာ ကြာမြှင့်နေပြီး အထူးသဖြင့် ပွင့်လင်းရာသီ ဧည့်သည်များ လာရောက်တတ်ချိန်တွင် ရောင်းချကြသည်ဟု ဆိုသည်။

“အရင်တုန်းက ဒီလိုမျိုးတားမြစ်တာတွေမရှိဘူး။ ဒီတစ်နှစ်၊ နှစ်နှစ်အတွင်းပဲ အခုလိုိတားမြစ်တာတွေ ခံနေရတာ။ မိုးရာသီဆိုရင် ကျွန်မတို့က အလုပ်မရှိဘူး။ နွေရောက်လာတော့လည်း ခုလို တားမြစ်ခံနေကြရ တာပါ”ဟု ဒေါ်မခိုင်က ဆိုသည်။

သံတွဲမြို့ ငပလီ ပင်လယ်ကမ်းခြေတွင် ဒေသခံများ ပိုင်ဆိုင်သော ဟိုတည်ဆို၍ တစ်လုံးသာ ရှိပြီး အများစု ဟိုတည်များကို ပြင်ပမှလာသော စီးပွားရေး လုပ်ငန်းရှင်များက ပိုင်ဆိုင်ကြသည်။ ဒေသခံ အများစုမှာ ၎င်းတို့ လယ်မြေများကို ဟိုတည်ဇုံ စီမံကိန်း တည်ဆောက်ရန် အတွက် သိမ်းပိုက်ခံခဲ့ရပြီး စားသောက်ဆိုင်များ ဖွင့်လှစ်ကာ တပိုင်တနိုင် လုပ်ကိုင်ရာတွင်လည်း ယခုလို တားမြစ်ပိတ်ပင်မူများနှင့် ကြံုတွေ့နေကြရသည်။

“ကျွန်တော်ကတော့ ကမ်းခြေမှာဆိုင်အားလုံးကို သပ်သပ်ရပ်ရပ်နဲ့ ရောင်းချခွင့်ပေးစေချင်တယ်။ ကမ်းခြေမှာ ဆိုင်တွေမရှိရင်လည်း ဧည့်သည်တွေအတွက် အဆင်မပြေမှုတွေကို ဖြစ်စေတာပေါ့”ဟု မြပြင်ကျေးရွာမှ Sunset View အမည်ရှိ စားသောက်ဆိုင်ပိုင်ရှင် ကိုထွန်းထွန်းက ပြောသည်။

ဟိုတည်ပိုင်ရှင်များက စားသောက်ဆိုင်များ ရောင်းချမူကို တားမြစ်မှုများ ပြုလုပ်နေသည့် အပြင် ဟိုတယ် နောက်ဘက် ပင်လယ်ကမ်းခြေရှိ စားသောက်ဆိုင်များရောင်း ချသည့်နေရာများတွင် ယခုနောက်ပိုင်း ထီးများ စိုက်ထူပြီး နေရာ ယူထားကြသည့်အတွက် ဆိုင်ခန်းများ ဖွင့်လှစ် ရောင်းချရန် နေရာအခက်အခဲကြံုနေရ ကြောင်းလည်း ဆိုင်ခန်းပိုင်ရှင်များက ပြောသည်။

ယင်းပြင် ကမ်းခြေတွင်ရောင်းချနေကြသည့် စျေးဆိုင်ခန်းများရှိ စားသောက်ဖွယ်ရာများမှာ မသန့်ရှင်းမှုများ ရှိနေပြီး ယင်းတို့အား ဟိုတယ်တွင် လာရောက်တည်းခိုသည့်ဧည့်သည်များ စားသောက်မိ၍ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပါက ဟိုတယ်ကတာဝန်ယူမည်မဟုတ်ကြောင်းစသည့်  ကြေညာ စာသားများကိုလည်း ဟိုတယ််များတွင် ယခုနောက်ပိုင်း ကပ်ထားသည်ဟုလည်း ဒေသခံများနှင့် ဆိုင်ခန်းပိုင်ရှင်များက ဆိုသည်။

ယင်းနှင့်ပတ်သက်ပြီး “ငပလီဘား”စားသောက်ဆိုင်ပိုင်ရှင် ဒေါ်မခိုင်က “အစ်မတို့ရောင်းတဲ့ပစ္စည်းက မသန့်ဘူး ဆိုတာမရှိဘူး။ ဧည့်သည်တွေကလည််း သဘောကျကြတယ်။ ဥပမာ ကျောက်ပုစွန် စားချင်တယ်။ အရှင် ရမလားလို့မေးတယ်။ ရမယ်။ နာရီပိုင်းလောက်ပဲစောင့်ဆိုပြီး အစ်မတို့က ဒိုင်တွေဆီသွားဝယ်တယ်”ဟု နိရဥ္စရာ သတင်းဌာနသို့ ရှင်းပြသည်။

ယခုကိစ္စကိုဖြေရှင်းနိုင်ရန်အတွက် ဒေသအတွင်းက စားသောက်ဆိုင် ပိုင်ရှင်များက ဟိုတယ်လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာဒေသအာဏာပိုင်များနှင့် တွေ့ ဆုံ ဆွေးနွေးမှုများလည်း ပြုလုပ်နေကြကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ဟိုတယ်လုပ်ငန်းပိုင်ရှင်များနှင့် ဒေသအာဏာပိုင်များထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

ငပလီ မြပြင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်ကမူ  “မရောင်းနဲ့လို့ ကျွန်တော်မတားရက်ဘူး။ ကျနော့်ရွာသားတွေ ငတ်နေတာကို ကျွန်တော် မကြည့်ရက်ဘူး။ ကျွန်တော်တို့ အငတ်မခံနိုင်ဘူး”ဟု ပြောဆိုသည်။

Most read this week