လိပ်ကျွန်းကိစ္စ မှန်ကန်စွာ ဖြေရှင်းပေးရန် ကာချုပ်တောင်းဆို

လိပ်ကျွန်းကိစ္စ မှန်ကန်စွာ ဖြေရှင်းပေးရန် ကာချုပ်တောင်းဆို
by -
မဇ္စျိမ

ဗြိတိန်စုံတွဲကို သတ်သည်ဆိုကာ ထိုင်းရဲတို့ ဖမ်းဆီးထားသော မြန်မာနိုင်ငံသားနှစ်ဦးအရေး မှန်ကန်စွာ ဖြေရှင်းပေးရန် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာ ၉ ရက်တွင် တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တန်နာဆက်ခ် ပတိမပရာဂွန်နှင့် နေပြည်တော်၌ တွေ့ဆုံစဉ် ကာကွယ်ရေးဦးစီးချုပ်က ပြောခြင်း ဖြစ်သည်။

“အပြစ်ရှိသူကို အပြစ်မပေးမိတာထက် အပြစ်မရှိသူကို အပြစ်မပေးမိရန်လိုတယ်ဆိုတဲ့ ဥပဒေစကားအတိုင်း စိစစ်လုပ်ဆောင်ပေးစေလိုပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ ထို့ပြင် မြန်မာသံရုံးမှ အထူးအဖွဲ့ကို မှန်ကန်စွာလေ့လာခွင့်ပေးရန်လည်း ၎င်းက မေတ္တာရပ်ခံသည်။

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်က တိကျမှန်ကန်တဲ့အချက်အလက်များရရှိရေး၊ အမှန်တရားအတိုင်း ရှင်းရှင်းလင်းလင်း သိရှိနိုင်ရေး မြန်မာသံရုံးနှင့် ညှိနှိုင်းဆောင်ရွက်နေသည်ဟု ပြန်လည်ပြောဆိုကြောင်း တပ်မတော်ပိုင် မြဝတီရုပ်မြင်သံကြားက ထုတ်လွှင့်သည်။