“အသံတိတ်ထိုးစစ်” အစီရင်ခံစာ KWAT ထုတ်ပြန်

“အသံတိတ်ထိုးစစ်” အစီရင်ခံစာ KWAT ထုတ်ပြန်
by -
ကေအဲန်ဂျီ

မူးယစ်ဆေးဝါး ပြဿနာ ပိုမိုကြီးထွားစေသည့် မြန်မာစစ်အစိုးရ နည်းဗျူဟာများ “အသံတိတ် ထိုးစစ်” ဟူသော အစီရင်ခံစာကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် ကချင်အမျိုးသမီးအစည်းရုံး (KWAT) က အောက်တိုဘာလ ၈ ရက်မှာ ထုတ်ပြန်လိုက်သည်။

၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ် အစောပိုင်းထိ နှစ်နှစ်ကျော်ကြာကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်ပေါင်း ၈ မြို့နယ်မှ မူးယစ်ဆေးဝါး သုံးစွဲသူများနှင့် ၄င်းတို့၏ မိသားစုများ၊ မူးယစ်ဆေးဝါး ရောင်းချသူ၊ ဘုရားကျောင်း အဖွဲ့ဝင်များ၊ ရပ်ရွာလူကြီးများနှင့် KIO မှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီဝင်များကို KWAT က တွေ့ဆုံမေးမြန်းမှု (၇၅) ခု ပြုလုပ်၍ အစီရင်ခံစာ ထွက်ပေါ်လာရခြင်း ဖြစ်သည်။

“ကျမတို့ကို သွယ်ဝိုက်တဲ့ နည်းနဲ့ ဖျက်ဆီးနေတယ်ဆိုတဲ့သဘောပေါ့။ အစိုးရတွေ ခွင့်ပြုထားတဲ့ နယ်ခြား စောင့်တပ်၊ ကာကွယ်ရေး တပ်တွေ ဘိန်းစိုက်ဖို့ လုပ်ခွင့် ပြုထားတယ်လေ။ သူတို့ကလည်း လွတ်လွတ်လပ်လပ် စိုက်ပြီးတော့ ထုတ်နေတယ်။

တဖက်မှာလည်းစစ်ဖြစ်နေတဲ့အချိန်ဆိုရင်  မြန်မာစစ်တပ်တွေ နေတဲ့ နေရာတွေမှာလည်း ဘိန်းစိုက်ခွင့်ပေးပြီး လူထုကနေ ဘိန်းစိုက်ခွင့် အခွန်ကောက်ခံနေတာတွေကို ကျမတို့ အဖွဲ့တွေက တွေ့ရတယ်” ဟု KWAT မှ ဒေါ်ရှယ်လီဆိုင်း က ပြောသည်။

လူထုများကို မေးမြန်းခဲ့ချိန် မူယစ်ဆေးဝါးသည် လူထုကို သွယ်ဝိုက်သော နည်းဖြင့် ကချင်လူမျိုးများကို သတ်ဖြတ် နေသည် ဆိုသော အသံများ ကြားနေရသဖြင့် လူထု အသံကို ပြုလုပ်ရန် အစီရင်ခံစာကို ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု သူက ပြောသည်။

ချီဖွေနှင့် ဝိုင်းမော်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်း၏ နယ်ခြားစောင့်တပ်များ ထိန်းချုပ်သော နေရာများတွင် အဓိက ဘိန်းစိုက်ပျိုးနေပြီး ရှမ်းပြည်မြောက်ပိုင်းတွင်လည်း မြန်မာအစိုးရတပ်နှင့် ပြည်သူ့စစ် အဖွဲ့ (၁၃) ဖွဲ့တို့ ထိန်းချုပ်နေရာများတွင် ဘိန်းစိုက်ပျိုးမှု မြင့်မားနေပြီး ၄င်းပြည်သူ့စစ်အဖွဲ့များထဲမှ ၄ ဖွဲ့၏ ခေါင်းဆောင်များသည် ရှမ်းပြည်နယ် အမျိုသားလွှတ်တော်အမတ်များ ဖြစ်သည်ဟု ဆိုထားသည်။

ထို့ပြင် ၂၀၁၁ ခုနှစ်က အစိုးရ စစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် KIA ကို တိုက်ခိုက်ရန်အတွက် အစိုးရ စစ်တပ်၏ ပြည်သူ့စစ်များကို ဘိန်းစိုက်ပျိုးခြင်းနှင့် ဘိန်းဖြူ အပါအဝင် အခြား မူးယစ်ဆေးဝါး ထုတ်လုပ်မှုများကို ခွင့်ပြုထားသည့် မူဝါဒကြောင့် ဖြစ်ကာ အစိုးရစစ်တပ်နှင့် ၄င်း၏ မဟာမိတ်များ ကချင်ဒေသအတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှုများ ပိုမိုတိုးပွားလာသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဘိန်းစိုက်ခင်းများကို အစိုးရ လက်အောက်ခံ ပြည်သူ့စစ်များ ထိန်းချုပ်ထားသည့် ဒေသများအတွင်း စိုက်ပျိုးကြပြီး ပြည်သူ့စစ်နှင့် အစိုးရ အာဏာပိုင်များက အခွန်များကောက်ခံနေသော်လည်း ရွာသားများသည်စစ်ပွဲကြောင့် တခြား သီးနှံများ စိုက်ပျိုးရန်နှင့် စျေးကွက်သို့ တင်ပို့ရန် အတားအဆီး၊ အခက်အခဲများ ရှိနေသည်ဟုထည့်သွင်းထားသည်။

အစိုးရအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းမျးာကို လက်နက်ချခိုင်းခြင်းမဟုတ်ဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းပြီး ပြည်သူလူ၏ စားဝတ်နေရေး ဖူလုံရန် အမြန်ဆုံး ဆောင်ရွက်နေစေလိုကြောင်း ဒေါ်ရှယ်လီဆိုင်း က ပြောသည်။

“မူးယစ်ဆေးဝါး နှိမ်နှင်းနေတယ်။ စိုက်ပျိုး ရောင်းဝယ်မှုတွေ မြင့်တက်တယ်။ တဖက်မှာ စစ်တိုက်သလို လုပ်ပြီး ဒီလို တိုက်ပွဲ ဖြစ်နေတဲ့အချိန်မှာ ပြည်သူလူထုက လုပ်ကိုင်စားသောက်ဖို့ အခက်အခဲအများကြီး ရှိလာတဲ့အချိန်မှာ ဒီမူးယစ် ဆေးဝါးလုပ်ခြင်းအားဖြင့် စားဝတ်နေရေးဖိုလုံဖို့ ဆိုတာမျိုးဖြစ်လာတယ်” ဟု ပြောသည်။

မြစ်ကြီးနား၊ ဗန်းမော်၊ လားရှိူးမြို့များနှင့် အနီးတဝိုက်တွင် ဘိန်းဖြူသည် ဘိန်းစိမ်းထက် စျေးသက်သာစွာ ဝယ်ယူနိုင်သဖြင့် လူငယ်ထုအတွင်း ဘိန်းဖြူသုံးစွဲမှုများ ပိုမိုများပြားလာကာ မြစ်ကြီးနား၊ ဗန်းမော် တက္ကသိုလ် ကျောင်းသား သုံးပုံ တပုံခန့်သည် ဘိန်းဖြူအကြောတွင်း ထိုးသွင်းနေသူများ ဖြစ်သည်ဟု ဆိုသည်။

ဖားကန့်ကျောက်စိမ်းမော်တွင်လည်း အလုပ်လုပ်ကိုင်သူ ၉၀ ရာခိုင်နှုန်းမှာ မူးယစ်ဆေးဝါး သုံးစွဲသူများ ဖြစ်ပြီး တရုတ်နယ်စပ် တလျှောက်တွင်လည်း ဘိန်းဖြူသာမက “ရာမ” စိတ်ကြွဆေးသုံးစွဲမှုများ မြင့်တက်လာသည်ဟု လည်းသိရသည်။

အစိုးရအနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို လိုလိုလားလား ဆောင်ရွက်ရန် ဆန္ဒမရှိခြင်းကြောင့် လာဘ်ပေးလာဘ်ယူမှုများ တိုးပွားလာကာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုအား ဥပဒေအရ တင်းကြပ်စွာ တားဆီးနိုင်ခြင်း မရှိဘဲ မူးယစ်ဆေးဝါး အနည်းငယ်ကိုသာရောင်းဝယ်သူများနှင့် သုံးစွဲသူ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရသည်ဟု ဆိုသည်။

ထို့ကြောင့် KIO ကလည်း ၂၀၁၄ ခုနှစ်အပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်ရန် ဆုံးဖြတ်ထားကာ မူးယစ်ဆေးဝါး အလွဲဲသုံးမှု ကြီးထွားလာသဖြင့် မြို့ကြီးများတွင် ကချင်ဘာသာရေးခေါင်းဆောင်များ ဦးဆောင်၍ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးလှုပ်ဆော်စည်းရုံးမှုများ ပြုလုပ်လာနေသည်ဟု ဒေါ်ရှယ်လီဆိုင်း က ပြောသည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (UNODC) တွင် ချီဖွေဒေသအတွင်း ဘိန်းစိုက်ပျိုးမှု အထူး စိုးရိမ်ရဆုံး ဒေသအဖြစ် သတ်မှတ်ခြင်း မရှိဘဲ ကချင်ပြည်နယ် ဝိုငး်မော်နှင့် တနိုင်းမြို့နယ်အတွင်းသာ အထူးစိုးရိမ်ရဒေသအဖြစ်သတ်မှတ် ထားခြင်းသည် ထူးဆန်းနေကာ၂၀၁၂ ခုနှစ်မှစ၍ ဘိန်းစိုက်ပျိုးမှု ၁၀ ရာခိုင်နှုန်းကျဆင်းခဲ့သည်ဟု (UNODC)၏ ခန့်မှန်းခြေမှာ သံသယဝင်စရာ ဖြစ်နေသည်ဟု အစီရင်ခံစာတွင် ပါရှိသည်။

နိုင်ငံတကာ အပါအဝင် ရင်းနှီးမြှပ်နှံသူများအား ပဋိပက္ခများ ပြေလည်စေရန် နိုင်ငံရေးအရ တွေ့ဆုံ အဖြေရှာသကဲ့သို့ မြန်မာနိုင်ငံရှိ မူးယစ်ဆေးဝါးပြဿနာကို အထူးဦးစားပေး အလေးထားဖြေရှင်းပေးရန် တိုက်တွန်းထားသည်။

ထို့ပြင် နိုင်ငံတကာ အလှူရှင်များအား မူးယစ်ဆေးဝါး ပြဿနာအား ပိုမိုကြီးထွားစေသည့် အစိုးရ၏ တိုင်းရင်းသား လက်နက်က်ုိင် တော်လှန်ရေးအဖွဲ့ကို နှိမ်နှင်းရေး မူဝါများအား အဓိကထား အာရုံစိုက်မှု မရှိသည့်အပေါ် ရှုံ့ချ လိုက်သည်။ သက်ဆိုင်ရာ အာဏာပိုင်များ၊ အဖွဲ့အစည်းများအနေဖြင့် မူးယစ်ဆေးဝါး ပြဿနာ ဖြေရှင်းရေးကို အရေးပေါ် ဦးစားပေး လုပ်ဆောင်ချက် တရပ်အဖြစ် အဓိကထား အာရုံစိုက်လုပ်ဆောင်ရန် KWAT က တောင်းဆိုလိုက်သည်။

Most read this week