တိုက်ပွဲများကြောင့် ငြိမ်းချမ်းရေး အတားအဆီး မဖြစ်စေလိုဟု “ဝ” နှင့် “မိုင်းလား” ပူးတွဲ ကြေငြာချက်ထုတ်

တိုက်ပွဲများကြောင့် ငြိမ်းချမ်းရေး အတားအဆီး မဖြစ်စေလိုဟု “ဝ” နှင့် “မိုင်းလား” ပူးတွဲ ကြေငြာချက်ထုတ်
by -
ရွှေဟင်္သာ

အစိုးရ တပ်မတော်နှင့် တိုင်းရင်သား လက်နက်ကိုင် တပ်တို့ အကြား စက်တင်ဘာ လနှောင်းပိုင်းနှင့် အောက်တိုဘာလဆန်းပိုင်းတို့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အခြေစိုက် ဒေသ များ၌ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပေါ် လာနေ သောကြောင့် တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ချုပ်ဆို နိုင်ရန် အခက်အခဲ အတားအဆီး ဖြစ်လာ မည်ကို စိုးရိမ် သဖြင့် “ဝ” နှင့် “မိုင်းလား” အဖွဲ့ နှစ်ဖွဲ့မှ စုပေါင်း၍ ကြေငြာချက် ထုတ်ရခြင်း ဖြစ်ကြောင်း “ဝ” ပြည်နယ် သွေးစည်း ညီညွှတ်ရေး ပါတီမှပြောရေး ဆိုခွင့် ရှိသူ ဦးအောင်မြင့်က ပြောသည်။

“တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆို နိုင်ဖို့ အတွက် အခတ်အခဲ အတားအဆီးတွေ ဖြစ်ပေါ် လာမလား ဆိုပြီး စိတ်ပူ လို့ပါ။ ဒါကြောင့် ကျွန်တော်တို့ သဘောထား တွေကို ထုတ်ပြန် လိုက်တာ” ဟု ဦးအောင်မြင့်က ပြောသည်။

phophtaw100901

နိုင်ငံတော် အတွင်း လတ်တလော ဖြစ်ပေါ်နေသည့် စစ်ပွဲ အခြေ အနေနှင့် ပတ်သက်၍ ၀ပြည် သွေးစည်း ညီညွတ်ရေး ပါတီ (UWSA) နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်း အထူး ဒေသ ၄ (မိုင်းလား) အဖွဲ့ တို့က အချက် ၄ ချက်ပါ ပူးတွဲ ကြေညာ ချက်ကို အောက်တိုဘာ (၅) ရက် နေ့တွင် ထုတ်ပြန် ခဲ့သည်။

သက်ဆိုင်ရာဖက်များမှ တစ်ပြည်လုံး ငြိမ်းချမ်း ရေးကို အလေးထား ရန်နှင့် ရန်လိုသော စစ်ရေး လှုပ်ရှားမှု အပြုအမူများ ချက်ချင်း ရပ်တန့်ရန် အချက်များ ကိုလည်း ပူးတွဲ ကြေငြာ ချက်၌ ထည့်သွင်း တောင်းဆို ထားပြီး ၎င်း ကြေငြာချက် ကိုလည်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ၊ ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း တို့အား လိပ်မူ ပေးပို့ ထားသည်။

စက်တင်ဘာ လကုန် ပိုင်း၌မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် တို့တွင် အစိုးရ တပ်မတော်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော်(DKBA) တပ်တို့ အကြား ဖြစ်ပေါ် ခဲ့သည့် ပစ်ခတ် မှုများ၊ အောက်တိုဘာ လဆန်း ပိုင်းတွင် ရှမ်းပြည် မြောက်ပိုင်းတွင် အစိုးရ တပ်နှင့် ရှမ်းပြည် တပ်မတော် (SSPP/SSA) တို့ကြား ဖြစ်ပေါ် ခဲ့သည့် တိုက်ပွဲ များကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ထိခိုက် လာမည်ကို စိုးရိမ်ခြင်း ဖြစ်ကြောင်းလည်း ဦးအောင်မြင့်က ဆက်ပြောသည်။

အောက်တိုဘာ (၂) ရက်နေ့မှ (၅) ရက်နေ့ အထိတွင်မူ ရှမ်းပြည်နယ် ကျေးသီး မြို့နယ် အတွင်းရှိ တာဖာဆောင်း ဒေသ၌ ရှမ်းပြည် တိုးတက်ရေး ပါတီ တပ်မတော် (SSPP/SSA) တပ်ဖွဲ့နှင့် အစိုးရ တပ်မတော် တို့အကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွား ခဲ့ကြောင်း ဗဟို ကော်မီတီဝင် တစ်ဦး ဖြစ်သည့် စဝ်ပန်ဖ ကလည်း ရွှေဟင်္သာသတင်း ဌာနသို့ အတည်ပြု ပြောကြား ခဲ့သည်။ “ဝ” နှင့် “မိုင်းလား” အဖွဲ့တို့၏ ကြေငြာချက်နှင့် ပတ်သက်၍မူ မသိရှိ ရသေးကြောင်း စဝ်ပန်ဖမှ ပြောသည်။

SSPP/SSA အဖွဲ့၏ ဗဟို ကော်မီတီနှင့် နီးစပ်သည့် အမည် မဖော်လိုသူ တဦးကမူ SSPP/SSA အား အစိုးရ တပ်မှ ဖိအားပေး တိုက်ခိုက် နေခြင်းသည် “ဝ” တပ်ဖွဲ့ အခြေစိုက် “ပန်ဆမ်း” ဌာနချုပ်အား ထိန်းချုပ်ရန် လမ်းကြောင်း ရယူ လိုခြင်းနှင့် တနိုင် ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်အား ၂၀၁၅ အမှီ ချုပ်ဆို နိုင်ရန် ဖိအားပေးသည့် သဘောဖြင့် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ၎င်း၏ အမြင်အား သုံးသပ် ပြောကြား ခဲ့သည်။

တာဖာဆောင်း ဒေသ၌ ဖြစ်ပွား ခဲ့သော တိုက်ပွဲ များကြောင့် SSPP/SSA ၏ အခြေစိုက် စခန်း အနည်းဆုံး (၅) ခု ခန့်အား ဆုတ်ခွာ ပေးခဲ့ရပြီး ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

အောက်တိုဘာ ၂ မှ ၅ ရက်နေ့ အထိ တာဖာဆောင် ဒေသ၌ ဖြစ်ပေါ် ခဲ့သည့် တိုက်ပွဲ များအနက် တာဖာဆောင် နှင့် နမ့်ခုတ်ရွာ တို့၌ ဖြစ်ပွား ခဲ့သည့် တိုက်ပွဲ များမှာ ပြင်းထန် ခဲ့ကြောင်း၊ (၃) ရက်အတွင်း တိုက်ပွဲပေါင်း (၂၅) ကြိမ် ခန့် ဖြစ်ပွား ခဲ့ကြ ကြောင်းနှင့် ထို့နောက်တွင် အောက်တိုဘာလ (၆) ရက်နေ့မှ စ၍ နှစ်ဖက် အပစ်အခတ် ရပ်စဲရန် သဘော တူညီမှု ရရှိ ခဲ့ကြကြောင်း စဝ်ပန်ဖမှ ပြောသည်။

ယခု ကဲ့သို့ “၀” ၊“မိုင်းလား” အဖွဲ့ တို့မှ (SSPP/SSA) အဖွဲ့နှင့် အခြား တိုင်းရင်းသား ဒေသများတွင်း ဖြစ်ပေါ် နေသည့် တိုက်ပွဲ များအပေါ် သဘောထား ထုတ်ပြန် ရခြင်း မှာလည်း (SSPP/SSA) , “ဝ” နှင့် “မိုင်းလား” အဖွဲ့တို့မှာ စစ်ရေး မဟာမိတ် အဖွဲ့များ ဖြစ်ကြ သဖြင့် မိတ်ဆွေကောင်း ပီသ ခြင်းကို ပြသသည့် သဘော ဖြင့်လည်း ကြေငြာ ချက်အား ထုတ်ပြန် ရခြင်း ဖြစ်ကြောင်း “ဝ” အဖွဲ့၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအောင်မြင့်နှင့် အမည်မဖော် လိုသည့် SSPP/SSA ဗဟို ကော်မီတီနှင့် နီးစပ်သူ တို့မှ ဆိုသည်။

Most read this week