ဧရာဝတီ တိုင်းအတွင်းရှိ တောင်သူလယ်သမားများနှင့် တိုင်းလယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးစိုးဝင်းတို့တွေ့ဆုံပွဲကို မြို့နယ်အုပ်ချုပ်ရေးမှူးက အကန့် အသတ်ဖြင့်သာ ခွင့်ပြုခဲ့သည်ဟု ကာယကံရှင်က အောက်တိုဘာ ၆ ရက်တွင် အတည်ပြုသည်။
ဧရာဝတီတိုင်းမှာရှိနေတဲ့ လယ်မြေပြဿနာတွေ၊ လယ်သမားတွေရဲ့ အခက်အခဲတွေကို ကျယ်ကျယ်ပြန့်ပြန့် သိမှာစိုးလို့ အုပ်ချုပ်ရေးပိုင်းက ပိတ်ပင်လိုက်တာပဲ။ ဒီကိစ္စကို နိုင်ငံတော်သမ္မတ အပါအဝင် သက်ဆိုင်ရာ အစိုးရအဖွဲ့တွေဆီ စာပို့သွားမှာပါ” ဟု ပြည်သူ့ လွှတ်တော်အမတ် ဦးစိုးဝင်းက ပြောသည်။
ဧရာဝတီတိုင်း ဒေသအသီးသီးမှ တောင်သူများ တက်ရောက်ရန် စီစဉ်ထားသော လွှတ်တော်အတွေ့ အကြံုရှင်းလင်းပွဲနှင့် လယ်ယာမြေပြဿနာများ ဆွေးနွေးပွဲကို အောက်တိုဘာ ၅ ရက်တွင် မအူပင်မြို့နယ် တိုးရွှေဝါခန်းမ၌ ကျင်းပရန် ကနဦးစီစဉ်ခဲ့သည်။
သို့သော် မြို့နယ်အုပ်ချုပ်ရေးမှူးက ခွင့်ပြုထားပြီးမှ ကျင်းပရန် နှစ်ရက်အလိုတွင် မအူပင်မြို့နယ်အတွင်းမှ တောင်သူတို့သာ တက်ရောက်ခွင့်ပြုမည်ဟု ကန့်သတ်ခြင်းဖြစ်သည်။
မအူပင်မြိူ့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူရကမူ အကြောင်းကြားထားသည့် ရည်ရွယ်ချက်နှင့် ကိုက်ညီမှုမရှိ၍ ကန့်သတ်ရသည်ဟု ပြောသည်။
“ကျွန်တော်တို့ ကန့်ကွက်တာ မဟုတ်ပါဘူး။ ခရိုင် အုပ်ချုပ်ရေး ညွှန်ကြားချက်အရ သူ့ကိစ္စနဲ့သူသီးသန့် လုပ်စေချင်တာပါ” ဟု ၎င်းက ဆိုသည်။
ထို့ကြောင့် တိုးရွှေဝါခန်းမ၌ မအူပင် မြိုနယ် တောင်သူများ၊ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ရုံး၌ အခြားသောမြို့နယ်မှ လာရောက်သူများကို ခွဲခြားတွေ့ဆုံခဲ့ရသည်ဟု ဦးစိုးဝင်းက ပြောသည်။
“ကျွန်တော်က တိုင်းလယ်မြေစုံစမ်းရေး ကော်မရှင် လွှတ်တော်အမတ်ပါ။ စုံစမ်းမေး မြန်းခွင့်ရှိပါတယ်လို့ ရှင်းပြပေမယ့် အခြားမြို့နယ်တွေက ပါလာရင် ပြဿနာတွေဖြစ် မှာစိုးလို့ ဒီမြို့နယ်က လယ်သမားတွေပဲ မေးမြန်းခွင့်ပြုမယ်လို့ အုပ်ချုပ်ရေးဘက်က ပြောတယ်” ဟု ၎င်းင်းက ဆိုသည်။
ယခင်နှစ်များက ထိုသို့သော တွေ့ဆုံပွဲမျိုးတွင် လယ်သမား ၃,၀၀၀ ဝန်းကျင် တက်ရောက်ဖူးသော်လည်း ယခုနှစ် ပိတ်ပင်မှုကြောင့် မအူပင်မြို့နယ်မှ တောင်သူ ၈၀၀ ကျော်နှင့် ပန်းတနော်၊ ဝါးခယ်မ၊ မော်လ မြိုင်ကျွန်း၊ ကျိုက်လတ်၊ ညောင်တုန်း အစရှိသည့် မြို့နယ်တို့မှ တောင်သူ ၄၀၀ ကျော် စုစုပေါင်း ၁,၂၀၀ ခန့်နှင့်သာ တွေ့ဆုံနိုင်ခဲ့သည်ဟု အမတ်က ပြောသည်။