အုပ်ချုပ်ရေးကဏ္ဍသည် တပ်မတော်အုပ်ချုပ်ရေးနှင့်သာ လိုက်လျောညီထွေရှိနေပြီး ဒီမိုကရေစီနှင့် အံချော်နေသည်ဟု နိုင်ငံတော်သမ္မတရုံး အမှတ် ၃ ဝန်ကြီး ဦးစိုးသိန်းက အောက်တိုဘာ ၅ ရက် ရန်ကုန်တိုင်း အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။
"ပြုပြင်ပြောင်းလဲရေးကို လုပ်ပြီး ပြန်သုံးသပ်တဲ့အခါ အုပ်ချုပ်ရေးက တပ်မတော်အစိုးရ၊ ဆိုရှယ်လစ် အစိုးရနဲ့ လိုက်လျောညီထွေတဲ့ အုပ်ချုပ်ရေးဖြစ်နေတယ်။ ဒီမိုကရေစီအုပ်ချုပ်ရေးနဲ့ အံချော်နေတာကို သွားတွေ့တယ်" ဟု ၎င်းကဆိုသည်။
ယင်းအတွက်ကြောင့် အုပ်ချုပ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးကို ထပ်မံတိုးမြှင့်ကာ ပါဝင်သူများ အတွေးအခေါ်၊ စိတ်နေသဘောထား၊ စွမ်းရည်များကို ပြောင်းလဲရန် နည်းစနစ်ရေးဆွဲမှုများ ဆောင်ရွက်နေသည်ဟု ဦးစိုးသိန်း က ပြောသည်။
အစိုးရသက်တမ်း သုံးနှစ်နှင့် ခြောက်လတာကာလအတွင်း ရောက်ရှိ၍ လက်ကျန်သက်တမ်း တစ်နှစ်ကျော်သာ ရှိတော့ ချိန်တွင် သမ္မတရုံးဝန်ကြီးတစ်ဦးက ယင်းသို့ ပြောခြင်းဖြစ်သည်။
"အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုနှေးတာက တပ်က ပြောင်းတဲ့သူတွေကြောင့်ပဲလို့တော့ ဆိုလို့မရဘူး။ အရင်က အစိုးရကိုပဲ အလုပ်အကျွေးပြုတာ။ အခုတော့ ပြည်သူကို အလုပ်အကျွေးပြုရမယ်ဆိုတဲ့ အခါကျတော့ အားလုံးက အကျပ်အတည်း ဖြစ်လာကြတယ်။ အဲဒီမှာ ပြောင်းလဲရေး ယန္တရားက နှောင့်နှေးလာတယ်" ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကျော်လင်းဦးက သုံးသပ်ပြောပြသည်။
ခေတ်အဆက်ဆက် တပ်မတော်လက်အောက်တွင် ရှိခဲ့သည့် အုပ်ချုပ်ရေး ကဏ္ဍသည် ဒီမိုကရေစီ အရှိန်မြှင့်ချိန်တွင် နှောင့်နှေးမှုကို ဖြစ်စေသည်ဟု ၎င်းကဆိုသည်။
၂၀ဝ၅ နောက်ပိုင်း ဝန်ကြီးချုပ်ရုံးတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အကြီးတန်း အရာရှိတစ်ဦးက "အခု ဝန်ကြီးတွေကလည်း တကယ် ဘာသာရပ်ပိုင်း ကျွမ်းကျင်မောင်း နှင်နိုင်သူတွေမဟုတ်တဲ့အပြင် အပြောင်း
အရွှေ့တွေ ခဏခဏ ရှိတဲ့အခါကျတော့ အုပ်ချုပ်ရေးပိုင်းတွေက နှောင့်နှေးတာတွေ ဖြစ်လာတယ်။ တပ်ပိုင်းက ပြောင်းတဲ့သူတွေက အနည်းဆုံး ၁၀ နှစ် ၂၀ လောက်မှ ကျွမ်းကျင်လာကြတယ်" ဟု ဆိုသည်။