တောင်ကြီး တပ်စခန်းများရှေ့တွင် မိုင်းပေါက်

တောင်ကြီး တပ်စခန်းများရှေ့တွင် မိုင်းပေါက်
by -
မဇ္စျိမ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ)၊ အမှတ်(၂၁၂) ဆက်သွယ်ရေးတပ်၊ ယာဉ်ထိန်းရုံးရှေ့တို့၌ အောက်တိုဘာ ၄ ရက် စနေနေ့ည ၁၀ နာရီ ၄၅ မိနစ်ခန့်က မိုင်းသုံးလုံး ပေါက်ကွဲ၍ ယာဉ်ထိန်းရဲနှစ်ဦး ဒဏ်ရာရရှိပြီးနောက် လုံခြံုရေး တိုးမြှင့်ချထားသည်ဟု တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး မြင့်ထူးက မဇ္ဈိမကို ပြောသည်။

ရပခ ရှေ့ရှိ ဘတ်စ်ကားမှတ်တိုင်တွင် မိုင်းတစ်လုံးပေါက်ကွဲခဲ့ရာ ခေါင်မိုးပွင့်ထွက်သွားပြီး အနီးတွင် မပေါက်ကွဲ သေးသည့် မိုင်းတစ်လုံးကို ရှာဖွေတွေ့ရှိခဲ့သည်။ တစ်ချိန်တည်းမှာပင် ဆက်သွယ်ရေးတပ်နှင့် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းရုံးအနီး၌ မိုင်းတစ်လုံး ထပ်မံပေါက်ကွဲခဲ့သည်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အမှတ် ၁၅ ယာဉ်ထိန်းရုံးရှေ့ အောက်တိုဘာ ၄ ရက် ညက မိုင်းပေါက်ကွဲမှုအပြီး ရှင်းလင်းဆောင်ရွက်နေသည်ကို တွေ့ရစဉ်။

ထို့ပြင် ယာဉ်ထိန်းရဲရုံးအနီး၌လည်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အနီးရှိ ယာဉ်ထိန်းရဲနှစ်ဦးမှာ ခြေထောက် ဒဏ်ရာ တစ်ဦး၊ လက်မောင်းဒဏ်ရာ တစ်ဦး ရရှိခဲ့သည်။ ယင်းအပြင် ရပခရှေ့ လမ်းလယ် ကျွန်းမျောနှင့် မနီးမဝေးတစ်နေရာတို့တွင် မပေါက်ကွဲသေးသည့် မိုင်းနှစ်လုံးကို ထပ်မံတွေ့ရှိခဲ့ပြီး ည ၁၂ နာရီ ၄၅ တွင် ဖောက်ခွဲဖျက်ဆီးလိုက်ရသည်။

"ထောင်တဲ့သူကို မမိသေးဘူး။ လုံခြံုရေးအတွက် စောင့်ကြည့်နေပါတယ်" ဟု တောင်ကြီးမြို့ ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအဖွဲ့ ခေါင်းဆောင် ဦးသန်းရွှေက ပြောသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အပါအဝင် တောင်ကြီးမြို့အဝင် မြေပုံဂိတ်၊ သစ်တောဂိတ်၊ ပလီလင်းဂိတ်၊ ထုံးဖို ဂိတ်နှင့် အခြားစီးပွားရေး အချက်အချာကျရာ နေရာများတွင် လုံခြံုရေးအင်အား အပြည့်ဖြင့် ၂၄ နာရီ ကင်းလှည့်နေသည် ဟု ဒု-ရဲမှူးကြီးမြင့်ထူးက ပြောသည်။

"အသြံကားလိုက်တာ ယမ်းပေါက်သလိုမျိုးပဲ အသံကြီးကတုန်ပြီး အကျယ်ကြီးပဲ။ မီးပုံးပျံ ယမ်းစမ်းတာထင်တာ။ နောက်မှ ဗုံးကွဲမှန်းသိတယ်" ဟု တောင်ကြီး ဒေသခံ လူငယ်တစ်ဦးက ပြောသည်။

မိုင်းအမျိုးအစားများသည် ပြင်းထန်စွာ ပေါက်ကွဲကာ လူကိုထိခိုက်စေသော ဖျက်အားရှိ မိုင်းများဖြစ်သည်ဟုဆို သော်လည်း ကျူးလွန်သူကို အတည်မပြုနိုင်သေးဘဲ စုံစမ်းဆဲသာဖြစ်သည်ဟု ခရိုင်ရဲတပ်ဖွဲ့မှူးက ဆိုသည်။