အစိုးရ စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့ တိုက်ပွဲ ပြန်လည် ဖြစ်ပွားလာမှု အပေါ် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) ခေါင်းဆောင်များ ချင်းမိုင်မြို့တွင် ပြန်လည် သုံးသပ်လျက် ရှိသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ မှ ၂၆ ရက်ထိ ရန်ကုန်မြို့တွင် ငါးရက်ကြာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီUWPC နှင့်NCCT တို့ တွေ့ဆုံ ဆွေးနွေး မှုတွင် သဘော တူညီမှု မရသော အချက်များ အပေါ် ပြန်လည် သုံးသပ်သော ဆွေးနွေး မှုကို ထိုင်းနိုင်ငံ ချင်းမိုင် မြို့တွင် အောက်တိုဘာ လ ၄ ရက်မှ စတင် ကျင်းပနေခြင်း ဖြစ်သည်။
ယခုရက်ပိုင်း အတွင်း ရှမ်းပြည် တိုးတက်ရေး ပါတီ/ရှမ်းပြည် တပ်မတော် SSPP/SSA၊ ကရင် အမျိုးသား အစည်းအရုံး KNU ၊ ငြိမ်းချမ်းရေး ကောင်စီ KNU-PC ၊ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA) ၊ ကချင် လွတ်မြောက်ရေး အဖွဲ့ KIO တပ်မဟာ ၄ နယ်မြေ ဘက်တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွား လာမှု အပေါ် ပြန်လည် သုံးသပ် ခဲ့သည်ဟု ဆိုသည်။
“အခုတလော တိုက်ပွဲတွေ မြောက်ပိုင်းနဲ့ တောင်ပိုင်းမှာ ဖြစ်လာတော့ နိုင်ငံရေး ဆွေးနွေးပွဲမှာ တစ်မျိုး အသွင်ပြောင်း လာတယ်။ ပြေလည်ရေးကိုဦးမတည်တဲ့ အနေအထားနဲ့ ဆက်စပ် နေတာလား ဆိုပြီး အခြေအနေ တွေကို ပြန်သုံးသပ် ကြည့် တယ်” ဟု နိုင်ဟံသာက ပြောသည်။
ပြီးခဲ့သည့်် နှစ်ဖက် တွေ့ဆုံဆွေးနွေးမှု တွင်လည်း အစိုးရ ဘက်မှ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ရယူရန် အတွက် နားလည်မှုရရှိအောင်လုပ်ဆောင်သည့် ပုံစံမျိုး မရှိကြောင်း နိုင်ဟံသာက မှတ်ချက် ပြုသည်။ “အခုရက်ပိုင်း စစ်ရေး အရ တိုက်ပွဲတွေ ပြန်ဖြစ် လာတယ်။ အခြေအနေ အားလုံးက ဆက်စပ် နေတယ်။ ဒါတွေက သူ့ဖာသာသူ အလိုလို ဖြစ်လာတာ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။
NCCT ဘက်မှ အဆိုပြုသော ပြည်ထောင်စု တပ်မတော် တည်ဆောက် ရေးကိုလာမည့် နိုင်ငံရေး ဆွေးနွေး ပွဲတွင် ဆွေးနွေးရန် အစိုးရ ဘက်မှကနဦး သဘော တူခဲ့သော်လည်း နောက်ဆုံး ဆွေးနွေးပွဲ တွင်မူ လက်မခံဘဲ ပြည်ထောင်စု တပ်မတော်ရေးရာကိစ္စဟူ၍ ပြန်လည် ပြင်ဆင်လိုက်သဖြင့်သဘောတူညီမှုမရခဲ့ပေ။
“စစ်ရေး ကလည်း ပိုဖြစ်လာ တဲ့ဟာကို ခြံုငုံကြည့်ရင် ဆွေးနွေးပွဲ အခြေအနေက သိပ်မကောင်းဘူး။ သဘောက ပျက်ဆီး နိုင်တယ်။ ဒါမှ မဟုတ်သူတို့လိုချင်တဲ့ ပုံစံမျိုးတွန်း ယူတာပေါ့။ မရရင် အပေါ်စည်း ကနေ ယူမယ်။ ရရင်ရ မရရင် ပျက်ပါစေ ဆိုတဲ့ ပုံစံမျိုးပေါ့” ဟု နိုင်ဟံသာက ပြောသည်။
တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခြင်းနှင့် ဆွေးနွေးမှုတွင် တပ်မတော် ကိုယ်စားလှယ် များက NCCT ဘက်မှ အဆို တင်သွင်းမှု အပေါ် ပြန်လည် ညှိနှိုင်းမှုမရှိ ဘဲ အထက်ကို တင်ပြရန်သာ ပြောဆိုခြင်းသည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အပေါ် တပ်မတော် ဘက်မှ လုပ်ဆောင်ချက် များကို ပြန်လည် စဉ်းစားစ ရာ ဖြစ်နေသည်ဟု နိုင်ဟံသာက ဆိုသည်။