SSPP နှင့် အစိုးရတပ် သုံးရက်မြောက် တိုက်ပွဲဆက်ဖြစ်

SSPP နှင့် အစိုးရတပ် သုံးရက်မြောက် တိုက်ပွဲဆက်ဖြစ်
by -
မဇ္စျိမ

ရှမ်းပြည် တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် အစိုးရတပ်တို့ ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း အောက်တိုဘာလ ၄ ရက်တွင် သုံးရက်မြောက် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေသည်ဟု SSPP၏ တပ်ပေါင်းစုရေးရာဌာန၏ ဒုတိယ တာဝန်ခံ ဗိုလ်မှူးကြီး ပိန်ဖက မဇ္စျိမကို ပြောသည်။

“တိုက်ပွဲက ဆက်ဖြစ်နေတယ်။ မနေ့ကတော့ သုံးနေရာလောက်မှ တိုက်ပွဲဖြစ်တယ်။ ဒီနေ့တော့ သူတို့ လက်နက်ကြီးနဲ့ ပစ်တဲ့နေရာကို ကျွန်တော်တို့သွားတိုက်တာ”ဟု အောက်တိုဘာ ၄ရက်တွင် ဗိုလ်မှူးကြီး ပိန်ဖက ပြောသည်။

အစိုးရစစ်တပ်က တာဖာဆောင်ဒေသမှ ၆ မိုင်ခန့်အကွာအဝေးမှ ၁၂၀ မမလက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် အောက်တိုဘာလ ၃ ရက်တွင် တာဖာဆောင်တံတားအနီးရှိ တပ်စခန်းကို SSPP က ဆုတ်ခွာပေးလိုက်ရသည်ဟု ဗိုလ်မှူးကြီး ပိန်ဖက ပြောသည်။ ယင်းတိုက်ပွဲကြောင့် နှစ်ဖက် ကျဆုံးမှုများ ရှိခဲ့ပြီး အစိုးရတပ်ဘက်ကမူ အောက်တိုဘာ ၃ရက်အထိ အရာရှိတစ်ဦးအပါအဝင် စစ်သည် ၆ဦး ကျဆုံးခဲ့သည်ဟု အမည်မဖော်လိုသည့် တပ်မတော်သား ကိုယ်စားလှယ်က မဇ္စျိမကို ပြောထားသည်။ SSPP ဘက်က ကျဆုံး၊ ဒဏ်ရာရမှုကိုမူ မဇ္စျိမက အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များ သဘောတူညီချက်အရ အစိုးရနှင့် တိုက်ပွဲ ဖြစ်ပွားလာပါက တပ်ပေါင်းစုအနေဖြင့် နိုင်ငံရေးအရ ညှိနှိုင်းဖြေရှင်း အကာအကွယ်ပေးရန် တာဝန်ရှိသည်ဟု သဘောတူထားသော်လည်း လတ်တလော ယင်းကိစ္စနှင့် ပတ်သက်၍ ညှိနှိုင်းနိုင်ခြင်း မရှိသေးကြောင်း သူက ဆက်လက် ပြောဆိုသည်။

“ဒီလိုအဖွဲ့တစ်ဖွဲ့ကို တိုက်လာရင် ဒါက တဖက်က မိမိရဲ့ အဖွဲ့ဝင်တွေကို နိုင်ငံရေး နည်းအရတော့ လိုအပ်ရင် လိုအပ်သလို အကာအကွယ် ပေးရမယ့် တာဝန်ကတော့ UNFC တပ်ပေါင်းစုမှာ ရှိတယ်။ ဒါက UNFC က ပြန်လည် စဉ်းစားရမယ့် အပိုင်းတွေရှိတယ်။ ခုတော့ ဘာမှ ညှိနှိုင်းတာမရှိသေးဘူး။ ဒီကြားထဲမှာ မတွေ့ဆုံရသေးဘူး”ဟု သူက မဇ္စျိမကို ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ တောင်ပိုင်းများတွင် အစိုးရစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတို့ တိုက်ပွဲ ဖြစ်ပွားမှု ပိုမိုများပြားလာသဖြင့် ငြိမ်းချမ်းရေး ပျက်ဆီးသွားနိုင်သည်ဟု NCCT ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။

ယင်းတိုက်ပွဲများကြောင့် SSPP အပါအဝင် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တိုးတက်ရေးပါတီ(RCSS/SSA)၊ ရှမ်းနိုင်ငံရေးပါတီ ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ ရှမ်းတိုင်း ရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP) ခေါင်းဆောင်များ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ငြိမ်းချမ်းစွာ ဖြေရှင်း၍ တိုက်ပွဲများ ရပ်တန့်ရန် သမ္မတ ဦးသိန်းစိန်ထံ အောက်တိုဘာ ၄ရက်တွင် စာပေးပို့ခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းက အစိုးရ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် စိုးဝင်းက အောက်တိုဘာလ ၁ ရက် နောက်ဆုံးထားပြီး SSPP ကို တာဖာဆောင်စခန်းမှ ဆုတ်ခွာပေးရန် ပြောဆိုလာပြီးနောက် လားရှိုး၊ တန့်ယန်းနှင့် မိုးညဲမြို့နယ် ကျိန်းသောင်းဒေသဘက်မှ အစိုးရ စစ်ဗျူဟာ ၅ ခုမှ စစ်အင်အား ၁၀၀၀ ခန့် လာရောက် တိုးမြှင့်ချလာကာ အောက်တိုဘာလ ၂ ရက်မှ စတင်၍ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။