လျှပ်စစ်အန္တရာယ်ကြောင့် လူ သို့မဟုတ် တိရစ္ဆာန်ကို ထိခိုက်မှု၊ သေဆုံးမှု ရှိပါက လျော်ကြေးပေးမည့် လျှပ်စစ် ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်၌ အောက်တိုဘာ ၂ ရက်က အတည်ပြုလိုက်ပြီဖြစ်သည်။
ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက "လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း ဖြန့်ဖြူးခြင်း အသုံးပြုခြင်းနှင့်ပတ်သက်၍ လူတွေ တိရစ္ဆန်တွေ ဒဏ်ရာရရှိရင်၊ ကိုယ်အင်္ဂါ မသန်စွမ်းအောင် သေဆုံးအောင် ဖြစ်နေရင် ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာ ပါတယ်။ ပြောရရင်တော့ ဒီဥပဒေဆွေးနွေးနေတဲ့ အချိန်မှာ အပြင်မှာ ဘာတွေဖြစ်နေလဲဆိုတာ သုံးသပ်ပြီးတော့ ထည့်လို့ရတဲ့ဟာတွေကို တစ်ခါတည်း ထည့်ထားပါတယ်’’ ဟု ပြောကြားသည်။
မကြာသေးမီက ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်ကြိုးမျာပြတ်ကျကာ လူသေဆုံးမှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အချို့ကို ၎င်းက ရည်ညွန်းကာ ပြောကြားခဲ့ခြင်းဖြစ်သည်။
သို့သော် လျှော်ကြေးမည်မျှပေးမည်၊ မည်ကဲ့သို့ပေးမည် စသည့် အသေးစိတ်အချက်အလက်များကိုမူ ၎င်းက ပြောကြားခဲ့ခြင်းမရှိပေ။
အဆိုပါဥပဒေတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရန် ဆောင်ရွက်ရန်လည်း ထည့်သွင်းရေးဆွဲထားသည်ဟု ၎င်းက ပြောသည်။
ထို့ပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံလိုသူများသည်လည်း မြန်မာနိုင်ငံလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံလိုသော်လည်း ခိုင်မာသည့် ဥပဒေမရှိသေးသည့်အတွက် လာရန်တွန့်နေသည်ဟု ၎င်းက ပြောသည်။
အဆိုပါနေ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည့် လျှပ်စစ်ဥပဒေအား နိုင်ငံတော်သမ္မတထံ ပေးပို့သွားမည်ဖြစ်ပြီး သမ္မတမှတ်ချက်မပြုပါက နှစ်ပတ်အတွင်း အတည်ပြုမည်ဖြစ်သည်။