ဒီးမော့ဆိုမြို့အနီးရှိ ဒေသခံအများစု လုပ်ကိုင်နေကြသည့် သဲတောင် အောက်တိုဘာလ ၁ ရက်နေ့ မနက် ၁၁ နာရီခွဲခန့်တွင် သဲတူးနေကြစဉ် ပြိုကျသဖြင့် နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားသည်ဟု မျက်မြင်များက ပြောသည်။
သေဆုံးသူသည် လွိုင်ကော်မြို့နယ် မိုင်းလုံးရပ်ကွက်တွင်နေထိုင်သူ ကားပိုင်ရှင် ဘိုကြီးနှင့် ဒီးမော့ဆို မားနာပလော့တွင် နေထိုင်သည့် သဲကျင်းပိုင်ရှင် အန်ထော်နီ ဖြစ်သည်ဟုသိရသည်။
ကျန်ဒဏ်ရာရသူ ၂ ဦးမှာ နာမည်၊ နေရပ်လိပ်စာ မသိရှိရသေးပေ။ သဲပြိုကျမှုကြောင့် ဘိုကြီး၏ကားနှင့် ငွေတောင်ရွာမှ ဒေါ်ရွှေရီ၏ကား ပျက်စီးသွားကြောင်းသိရသည်။
ထိုသို့ မပြိုကျမီ ရက်အတောအတွင်း မိုးသဲထန်စွာရွာခဲ့ပြီး သဲထဲတွင် ရေစိမ့်နေခြင်းကြောင့် ယခုကဲ့သို့ ပြိုကျသွားနိုင်ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
ဒီးမော့ဆိုမြို့နယ်ရှိသဲတောင်များသည် ဒေသခံအများစုက လုပ်ကိုင်ကြပြီး ယခုနောက်ပိုင်းတွင် စက်ယန္တာယားများ၊ မိုင်းများဖြင့် တူးဖော်လာကြသဖြင့် သဲတူးဖော်ရေးလုပ်ငန်း ကျယ်ပြန့်လာသည်။
ယခင်ကလည်း သဲတောင်များ မကြာခဏ ပြိုကျလေ့ရှိခဲ့ပြီး သေဆုံးသူများလည်း ရှိခဲ့ဖူးသည်ဟု သိရသည်။