တောင်ကြီး NLD ရပ်ကျေး ဒု-အုပ်ချုပ်ရေးမှူးအား ရဲတပ်ဖွဲ့ ပစ်သတ်မှု မိသားစုများ မကျေနပ်

တောင်ကြီး NLD ရပ်ကျေး ဒု-အုပ်ချုပ်ရေးမှူးအား ရဲတပ်ဖွဲ့ ပစ်သတ်မှု မိသားစုများ မကျေနပ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ််း ကျေးရွာမှ NLD ပါတီရပ်ကျေး ဒု-ဥက္ကဋ္ဌ ဦးစိုင်းစံထွန်း သတ်ဖြတ် ခံရမှုတွင်  မိုင်းပျဉ်း ကျေးရွာ အုပ်စု ရပ်ကျေး ဒု-ဥက္ကဌ ဦးဆွေအား လူသတ်မှု တရားခံဟု ရဲများ သံသယရှိကာ လိုက်လံ ဖမ်းဆီး ပစ်သတ်ခဲ့သည့် အပေါ် မိသားစု ဝင်များက ကျေနပ်မှု မရှိကြောင်း မိသားစုဝင် တစ်ဦးကပြောသည်။

မိုင်းပျဉ်းအုပ်စု ရပ်ကျေးဒုဥက္ကဌ  ဦးဆွေအား လူသတ်မှုတရားခံဟု သံသယရှိကာတောင်ကြီး မြို့နယ်ရဲများက စက်တင်ဘာ ၁၂ ရက်နေ့က လိုက်လံဖမ်းဆီးရာ ထွက်ပြေးသဖြင့် ရဲများပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။

လွန်ခဲ့သည့် ၃ လ က အသတ်ခံရသည့် မိုင်းပျဉ််းကျေးရွာမှ NLD ပါတီရပ်ကျေး ဒု-ဥက္ကဋ္ဌ ဦးစိုင်းစံထွန်းနှင့်   မိုင်းပျဉ်း ကျေးရွာ အုပ်စု ရပ်ကျေး ဒု-ဥက္ကဌ ဦးဆွေ  တို့သည်  ညီအစ်ကိုဝမ်းကွဲတော်စပ်ကြောင်း၊ ဦးဆွေသည် မိုင်းပျဉ်းကျေးရွာ အုပ်စု ရပ်ရွာအတွင်းရေးမှုးအဖြစ် (၂၆) နှစ်တာလုပ်ကိုင်လျက်ရှိပြီး ဟိုပုံးမြို့နယ်တွင် မြေနေရာချထားရေး ကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း   ဦးဆွေ၏ သား တော်စပ်သူ က ရှင်းပြသည်။

 “ ကျနော်တို့အဖေ ဘာအပြစ်ရှိ လို့လည်း ဆိုတာ ကျနော်တို့ မိသားစုဝင်တွေကို ရဲတွေကနေ ခုထိသေချာမရှင်းပြ သေးပါဘူး ။ အဖေကိုသေနတ်နဲ့ပစ်ပြီးနောက် ရဲသုံးယောက်က ၀ိုင်း ရိုက်ကြသေးတယ်   ” ဟု ဆိုသည်။

သံသယရှိရုံအဆင့်ဖြင့် လူတစ်ယောက်အား ပစ်သတ်ဖမ်းဆီမှု ပြုခြင်းမှာ  တရားမျှတမှုမရှိကြောင်း မိုင်းပျဉ်းမြို့နယ် ဖာလိုင်း ကျေးရွာ ဒေသခံ တစ်ဦးမှ ပြောကြား သွားသည်။

“ သံသယရှိရုံ အဆင့်လောက်နဲ့အကာအကွယ်လက်နက်မဲ့နေတဲ့ လူတစ်ယောက်ကို ပစ်သတ်ဖမ်းဆီးလိုက်တာ မတရားဘူးလို့မြင်တယ်။ တိုင်းရင်းသားကျေးရွာတွေမှာ ရှိတဲ့နယ်မြေ လုံခြုံမှု ၊ တရားဥပဒေစိုးမိုးမှုမရှိဘူး လို့ခံစားမိတယ်။   ကျနော်တို့ ဒေသမှာ  နောက်ထပ်ဒီလိုအဖြစ်မျိုး  ထပ်မဖြစ်စေချင်ဘူး ” ဟု ဖာလိုင်း ရွာသား ကပြောသည်။

ယင်းအမှုနှင့်ပတ်သက်၍ ဟိုပုံးမြို့နယ်ရဲမှူးထံဆက်သွယ်မေးမြန်းရာ - “ သံသယရှိလို့ ကျနော်တို့သွားဖမ်းတာ ဖမ်းဝရမ်း တွေမလိုဘူး။ ကျနော်တို့ ခဏခဏ ဆင့်ခေါ်ခဲ့ပါတယ်။ ကျနော်တို့မှာ သက်သေ အထောက်အထား တွေရှိတယ်။ သက်သေ တွေရဲ့ထွက်ဆိုချက်အရ လူသတ်မှုနဲ့မသင်္ကာလို့ စစ်ဖို့သူ့ကိုစောင့်နေတာ ဂျူလိုင်လကတည်းကပါ ။ အဲတာ သူ့ကိုသွား ခေါ်တော့ ခြံ အနောက်ဖက်ကို ထွက်ပြေးတယ်။  ကျနော်တို့ ရဲတပ်ဖွဲ့ဝင် တွေကနေ   လိုက်ဖမ်းရင်းနဲ့ ခလုတ်တိုက်လို့ ကျည်ဆံထွက်သွား တာဖြစ်မှာပါ”  ဟု ပြောကြားခဲ့သည်။

 ရဲလုပ်ထုံးလုပ်နည်းအရ သွားရောက်ဖမ်းဆီးချိန်တွင် အသာတစ်ကြည်အဖမ်းခံလျင် ဤသို့ ဖြစ်မည်မဟုတ် ကြောင်း ၊ လတ်တလောတွင် သေမှု သေခင်းဖြင့် အမှုဖွင့် ထားကြောင်း ၎င်းကဆက်လက်ပြောပြသည်။

မြေယာကိစ္စနဲ့ပတ်သက်၍ လူသေမှုများဖြစ်ပွားခြင်းအပေါ် ပြည်နယ် အစိုးရတွင် များစွာတာဝန်ရှိကြောင်း တောင်ကြီးမြို့ CSO အသိုင်းအဝိုင်းများကဝေဖန်ကြသည်။

ယင်းပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းဒေသတွင် မြန်မာ စစ်တပ် ခလရ  ၂၉၄  ၊ PNO ပြည်သူ့စစ် နှင့် RCSS  / SSA သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီတို့ လှုပ်ရှားနေကြောင်းလည်း ဒေသခံများကပြောသည်။

Most read this week