စဉ့်ကိုင်မြို့နယ်၊ တဘက်ဆွဲကျေးရွာ၊ ပန်းလောင်မြစ်အတွင်းတွင် စက်တင်ဘာ ၂၇ ရက် နံနက် ၆ နာရီတွင် ဒေသခံ ရေလုပ်သားများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ရာ ဒေသခံတစ်ဦး သေနတ်ဒဏ်ရာ ရရှိခဲ့သည်ဟု တဘက်ဆွဲ ကျေးရွာ ဒေသခံများက မဇ္ဈိမကို ပြောသည်။
“ကျွန်တော်တို့ရွာမှာ ဒါမျိုးတစ်ခါမှ မရှိဘူး။ အခုလို ပစ်ခတ်မှုဖြစ်တာဟာ ဒါပထမဆုံးပဲ။ အခုမှန်တဲ့ကလေး ကလည်း ကျွန်တော်တို့ရွာမှာ ဘာပြစ်မှုမှ ကျူးလွန် ထားတာမရှိဘူး။ အားလုံးရိုးရိုးသားသား လုပ်စားနေ ကြတဲ့ ကလေးတွေပါ” ဟု တဘက် ဆွဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးသောင်းစိန်က မဇ္ဈိမကို ပြောသည်။
ပန်းလောင်မြစ်အတွင်း၌ သေနတ်သံများ ကြားသောကြောင့် ဒေသခံများကရွာကို ဓားပြဝင်တိုက်သည် ဟုဆို၍သေနတ်ဖြင့် ပစ်သွားသော စက်လှေနောက်သို့ လိုက်ကြရာ စကားအင်း၌ ဖမ်းမိသည်ဟုဆိုသည်။
ထိုသို့ဖမ်းဆီးရာတွင် ရဲများဖြစ်နေ၍ ဒေသခံများ ကိုယ်ထိလက်ရောက်မကျူး လွန်မိစေရန် တဘက်ဆွဲကျေး ရွာ အုပ်ချုပ်ရေးမှူးက တားမြစ်ပြီး ဥပဒေအတိုင်း ဆောင်ရွက်ပေးမည်ဟု ပြောသောကြောင့် ဒေသခံများက ပြန်လွှတ်ပေးခဲ့သည်ဟု ကိုဟန်ဌေးက ပြောသည်။
အဆိုပါ ရဲစက်လှေရောက်လာချိန်တွင် ပန်းလောင်တံတားဘေးတွင် ငါးပိုက်တန်းနေသူ ကိုသန်းဦးက လည်း “စက်လှေတစ်စင်းက တခြားစက်လှေတစ်စင်းနောက်ကို လိုက်နေတာတွေ့တယ်။ မနက် ၆ နာရီဆို တော့ မသဲကွဲလိုက်ဘူး။ ခဏနေမှ ဗြောက်ဖောက်သလို အသံတစ်ချက်ကြားလိုက်တယ်။ နောက်တစ်ချက် ဆက်ဖောက်တော့ ရွာထဲက လူတွေထွက်လာပြီး ဓားပြတိုက်တယ်ဆိုပြီး အော်ကြတယ်။ ပြီးမှ ကျွန်တော် တို့ရွာသား သေနတ်မှန်တာသိတယ်” ဟု မဇ္ဈိမကို ပြောသည်။
“ကျွန်တော့်ကို ပစ္စည်းခိုးတရားခံဆိုပြီး အခုလိုလုပ်ထားတယ်။ ကျွန်တော်ဘာမှ မလုပ်ဘူး။ ကျွန်တော်တို့ ကို မြင်တာနဲ့ ပစ်တာပါ။ ပခုံးမှန်တယ်။ အခုလိုခြေကျင်း နဲ့နေရတယ်။ ကျွန်တော်ဘာပြစ်မှုမှ မလုပ်ဘဲခံနေ ရတယ်” ဟု သေနတ်ဒဏ်ရာရရိသူ ကိုကျော်သန်းက မဇ္ဈိမကို ပြောသည်။
အဆိုပါ ရေလုပ်သား သေနတ်ဒဏ်ရာရရှိသည်နှင့် ပတ်သက်၍ မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးက ဧရာဝတီ မြစ်အတွင်းရှိ စက်လှေများပေါ်တွင် ကေဘယ်လ်ကြိုးခွေများ၊ အင်ဂျင်ဝိုင်ပုံးများ၊ ဘက်ထရီအိုးများကို ဓားများဖြင့် ခြိမ်းခြောက် လုယူသွားသောကြောင့် ရဲအုပ်မြတ်ကျော်သူနှင့်အဖွဲ့ က လိုက်လံဖမ်းဆီးကြောင်း၊ လုယက်သွားသည့်ပစ္စည်းများကို ကုန်းပေါ်သို့ တင်ဆောင်စဉ် ရဲအုပ်မြတ်ကျော်သူနှင့်အဖွဲ့မှ တားမြစ်ရာ အဆိုပါအဖွဲ့က ဂျင်ဂလိ၊ လေးခွများဖြင့် ၀ိုင်းဝန်းပစ်ခတ်သဖြင့် ရဲတပ်သားပြည့်စုံအောင် ဝဲဘက် လက်မောင်း ကုံးသီးထိမှန်ခဲ့သောကြောင့် တပ်ဖွဲ့ဝင်များ အန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ရဲအုပ် မြတ်ကျော်သူက ပွိုင့် ၃၀၃ ရိုင်ဖယ်ဖြင့် ၁ ချက်၊ ရဲတပ်သားပြည်စုံအောင်က ပွိုင့် ၃၀၃ ရိုင်ဖယ်ဖြင့် တစ်ချက် ခြောက်လှန့်ပစ် ခတ်ခဲ့သည်ဟုဆိုသည်။
ပြစ်မှုကျူးလွန်သူများက စက်လှေများဖြင့် ထွက်ပြေးတိမ်းရှောင်သွားကြ၍ လိုက်လံဖမ်းဆီးနိုင်ခြင်း မရှိသော် လည်း ကျော်သန်း ၃၅ နှစ် ကျပန်း တဘက်ဆွဲကျေးရွာ အနောက်ပိုင်းနေထိုင်သူသည် သေနတ်ထိမှန်၍ ယာပုခုံးပေါက်ပြဲ ဒဏ်ရာတစ်ချက်ရရှိပြီး စဉ့်ကိုင်မြို့နယ်၊ ပလိပ်ဆေးရုံမှ မန္တလေးဆေးရုံကြီးသို့ လွှဲပြောင်း ကုသလျက်ရှိသည်ဟု သတင်းထုတ်ပြန်ထားသည်။
တဘက်ဆွဲကျေးရွာနေ သေနတ်ဒဏ်ရာရရှိသူ ကျော်သန်း အပါအဝင် ခြောက်ဦးကို “အောင်သန်းဝင်း” မော်တော်ပိုင်ရှင် ကိုသန်းထိုက်ဇော်က စက်လှေပေါ်မှပစ္စည်းများ လုယူခံရသည့်အတွက် အမရပူရ ရဲစခန်းသို့ တိုင်တန်းခဲ့သောကြောင့် အမရပူရမြို့နယ် ရဲတပ်ဖွဲ့က (ပ)၃၉၇/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၉၅ အမှုဖွင့် ထားပြီး ကျန်ကွင်းဆက် တရားခံများ ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။