အချိုးကျ ကိုယ်စားပြုစနစ်(ပီအာရ်) ကို လာမည့်ရွေးကောက်ပွဲများတွင် ကျင့်သုံးသွားရန် ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်းခဲ့ခြင်း၊ လွှတ်တော်သက်တမ်း သုံးနှစ်ကာလအတွင်း မဲဆန္ဒရှင်များနှင့် မထိတွေ့ ခြင်းဟူသည့် အကြောင်းပြချက်များဖြင့် ပုဇွန်တောင်မြို့နယ် လွှတ်တော်အမတ်ကို မဲဆန္ဒရှင်တို့က စက်တင် ဘာ ၂၈ ရက်တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
လွှတ်တော်အမတ်တစ်ဦးကို မဲဆန္ဒရှင်တို့က ပထမဆုံး ကန့်ကွက်ဆန္ဒပြသည်ကို ပုဇွန်တောင်မြို့နယ်မှ မဲဆန္ဒရှင် ၃၀၀ ခန့် ပူးပေါင်းပါ၀င်ခဲ့ပြီး ပုဇွန်တောင်မြို့နယ် ပန်းခြံအတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲများနှင့် နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့ရသည့် မြန်မာပြည်သူလူထုသည် အချိုးကျကိုယ်စားပြုစနစ် (ပီအာရ်) ကို လတ်တလောတွင် နားလည်နိုင်မှု နည်းပါးနေရာ မသင့်လျော်သေးသည့် ရွေးကောက် ပွဲစနစ် ကိုကျင့်သုံးရန် အဆိုတင်သွင်းခဲ့ခြင်းကြောင့် ကန့်ကွက်ဆန္ဒပြရခြင်းဖြစ်သည်ဟု ဆန္ဒပြရာတွင်ပါ၀င် ဦးခင်မောင်ဝင်းက ပြောသည်။
သို့သော် ပီအာရစနစ်သည် အများကို ကိုယ်စားပြုသည့် စနစ်တစ်ခုဖြစ်ခြင်ကြောင့် မျှတသည့်စနစ်တစ်ခုဟု ဆန္ဒပြခံရသူ ဦးအောင်ဇင်က တုံ့ပြန်ပြောဆို သည်။
“ဒီမိုကရေစီဆိုတာ အများကိုယ် စားပြုလေ။ဒီပီအာရ်စနစ်ဆိုတာလည်း အများကိုကိုယ်စားပြုတဲ့ စနစ်တစ်ခုပဲ ဖြစ်တယ်။ အဲဒီတော့ ဒီမိုကရေစီလို့ပြော ပြီး ဆန္ဒပြနေတဲ့လူတွေကို ဒီမိုကရေစီဆိုတာ ဘာလဲလို့ မေးကြည့်ချင်တယ်” ဟု ဦးအောင်ဇင်က ပြောသည်။
အလားတူပင် မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် ရွေးကောက်ပွဲစနစ် ပီအာရ်ကို လွှတ်တော်သို့တင်သွင်းရန် အစီရင်ခံစာပြုစုေ သည်ဟုလည်း မြန်မာနိုင်ငံနှင့်လိုက်လျော ညီထွေမှုရှိသည့် ရွေးကောက်ပွဲစနစ် ပေါ် ပေါက်လာရေး လေ့လာသုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်လည်းဖြစ်သူ ဦးအောင်ဇင်က ဆိုသည်။
လွှတ်တော်အမတ် ဦးအောင်ဇင်သည် ယင်း၏ မဲဆန္ဒနယ်ဖြစ်သော ပုဇွန်တောင် မြို့နယ်ရှိ မဲဆန္ဒရှင်တို့နှင့် ထိတွေ့ဆက်စပ်မှုနည်းပြီး သူ၏အမတ်သက်တမ်း သုံးနှစ် ကျော်အတွင်း ပြည်သူတို့အကျိုးမဆောင် ရွက်ခဲ့ ဟု ဆန္ဒပြရာတွင် ပါ၀င်သည့် ဦးကျော်က စွပ်စွဲပြော ဆိုသည်။
အငြင်းပွားဖွယ် ကိစ္စအတွက် ဦးအောင်ဇင်က ငြင်းဆိုလိုက်ပြီး “ပုဇွန်တောင်မြို ့နယ်မှာ လိုအပ်နေတဲ့ ကိစ္စရပ်တွေကို ကျွန်တော် အတတ်နိုင်ဆုံး ဖြေရှင်းပေးခဲ့ပါ တယ်။ စျေးသည်တွေနဲ့ ပတ်သက်တဲ့ကိစ္စ တွေ ကို လည်း စည်ပင်နဲ့ပူးပေါင်းပြီး ကျွန်တော်လုပ်ပေးခဲ့တယ်။ ပုဇွန်တောင်မြို ့နယ် မှာလည်း ရေကျော်စျေး ကြီးကို ပြုပြင်ပေးခဲ့တယ်” ဟု တုံ့ပြန်ခဲ့သည်။
“ပီအာရ်စနစ် အဆိုတင်သွင်းသူ ဦးအောင်ဇင်ကို အလိုမရှိ” ဟု လက်ကိုင် ဆိုင်းဘုတ်များ ကိုင်ဆောင်က ဆန္ဒပြသူ ၃၀၀ ခန့်က ကန့်ကွက်ခဲ့ကြသော်လည်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို ကန့်ကွက်ဖြုတ်ချ လိုပါက သက်ဆိုင်ရာ မဲဆန္ဒနယ်ရှိ လူဦးရေ (၁)ရာခိုင်နှုန်းက အနည်းဆုံး ကန့်ကွက်ရမည်ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ယင်းကဲ့သို့ ပြဋ္ဌာန်းထားသော်လည်း လက်တွေ့တွင် ခက်ခဲနိုင်သည်ဟု ရှေ့နေ တစ်ဦးဖြစ်သူ ဦးရောဘတ်စန်းအောင်က သုံးသပ်သည်။ “တိုက်ရိုက်ဖြုတ်ချနိုင်ဖို့ ပြဋ္ဌာန်းထားတာ တော့ ရှိတယ်။ ဒါပေမဲ့ လက်တွေ့အားဖြင့်တော့ အကောင်အထည်ဖော်ဖို့က အခက်အခဲတွေရှိတယ်။ အခက်အခဲ ဆိုတာကတော့ အစိုးရနဲ့နီးလွန်းတဲ့ လွှတ်တော် ကိုယ်စားလှယ်ကိစ္စ္စတွေဆိုရင် အောင်မြင်မှာမဟုတ်ဘူး” ဟု ပြောသည်။
သက်ဆိုင်ရာမဲဆန္ဒရှင်များက ဆန္ဒပြမှု မဟုတ်သည့် ဆန္ဒပြမှုမျိုးကိုမူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်ဒီပါတီ) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကြုံ ရဖူးသည်။ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းစုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စဉ်က ဒေသခံများနှင့်တွေ့ဆုံ ရှင်းလင်းစဉ် ဒေသခံများက သူ့ကို အကြီးအကျယ် ဆန္ဒပြခဲ့ကြသည်။
လာမည့်ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် ပီအာရ်ကိုကျင့်သုံးရန် အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီဝင်များဖြစ်သည့် ဦးအောင်ဇင်က ပြည်သူ့လွှတ်တော်တွင် ဇူလိုင်လ ၂၄ ရက်က အဆိုတင် သွင်းခဲ့ရာ အတိုက်အခံပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဆိုကို ကန့်ကွက်သူ ၄၂ ဦး ရှိခဲ့သည်။ သို့သော် လက်ရှိအာဏာရပါတီ ပြည်ခိုင်ဖြိုးမှ ကိုယ်စားလှယ်များနှင့် အမျိုး သားလွှတ်တော်၌ ပီအာရ်ကျင့်သုံးရေးကို ကန့်ကွက်မှုများရှိခဲ့သည့် တပ်မတော်သား ကိုယ်စားလှယ်များကလည်း မကန့်ကွက် ခဲခြင်းကြောင့် ဦးအောင်ဇင် တင်သွင်းသည့် အဆိုသည် ထောက်ခံသူ ၃၁၄ ဦးဖြင့် အဆိုမှာ အပြတ်အသတ် အနိုင်ရခဲ့သည်။
လွှတ်တော်အမတ်နှစ်ဦး၏ အဆိုတင်သွင်းမှုအပြီး မြန်မာနိုင်ငံနှင့် လိုက်လျောညီ ထွေမှုရှိသည့် ရွေးကောက်ပွဲစနစ်
ပေါ်ပေါက်လာရေး လေ့လာသုံးသပ်ရေး ကော်မရှင်ကို အဖွဲ့ဝင် ၃၂ ဦးဖြင့် အမျိုးသား လွှတ်တော်တွင် ဖွဲ့စည်းထားသည်။
အခြားတစ်ဖက်တွင်လည်း ပီအာရ်စနစ်ကို အလိုမရှိသူများရှိနေရာ ဇူလိုင်လ အတွင်း ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။ အလားတူပင် သြဂုတ်လ ၃ ရက်ကလည်း ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းတွင် ပီအာရ်ဆန့်ကျင်ရေး ဟောပြောပွဲကို တက်ကြွလှုပ်ရှား သူများ လုပ်ခဲ့ကြသေး သည်။ သြဂုတ်လ ၂၈ ရက်တွင်မူ ပီအာရ် စနစ်အလိုမရှိကြောင်း လက်မှတ်ရေးထိုး မှုကို ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ် တွင်စတင်ခဲ့ပြီး ကောက်ခံရရှိသည့် ပီအာရ် အလိုမရှိ လက်မှတ်များကို လွှတ်တော်သို့ ပေးပို့ခဲ့ကြသည်။
ပီအာရ်စနစ်သုံးမျိုး
(၁) ပါတီအလိုက် အမည်စာရင်းကိုမူတည်ပြီး အချိုးကျရွေးချယ်သည့်စနစ် (List Proportional Representation System)
ပါတီများသည် မဲဆန္ဒနယ်မြေ တစ်ခုချင်းစီအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်းကို တင်သွင်းစရာမလိုဘဲ ကိုယ်စားလှယ်အဖြစ် လျာထားသူများကိုသာ အမည်စာရင်း ထုတ်ပြန်ပေးရသည်။ မဲဆန္ဒရှင်များက မဲပေးရာတွင် လွှတ်တော် ကိုယ်စားလှယ်များကို မဲပေးခြင်းမဟုတ်ဘဲ ပါတီ၏ မူဝါဒနှင့် ပါတီကလျာထားသည့် ကိုယ်စားလှယ်စာရင်းကို ကြည့်၍ ပါတီကိုသာ မဲပေးရခြင်း ဖြစ်သည်။
ရွေးကောက်ပွဲပြီးမှ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပါတီအလိုက်ရရှိသော လူထုထောက်ခံမှု မဲအရေအတွက်ပေါ် မူတည်ပြီး ပါတီများရသင့်သည့် ကိုယ်စားလှယ်နေရာ ရာခိုင်နှုန်းကို ခွဲဝေပေးရခြင်း ဖြစ်သည်။
(၂) ပေါင်းစပ်ထားသော အချိုးကျ ရွေးချယ်သည့်စနစ် (Mix Member Pro-portional System)
မဲအများဆုံး ရသူ အနိုင်ရသည့်စနစ် (First Past the Post, FPTP) နှင့် အချိုးကျ ကိုယ်စားပြုစနစ် (Proportional Repre-sentation, PR System) တို့မှ ကောင်းကျိုးများအားလုံးကိုရရှိနိုင်အောင် ဖန်တီး ထားသောစနစ်ဟု ဆိုသည်။ လွှတ်တော် ကိုယ်စားလှယ်ဦးရေ၏ တစ်စိတ်တစ်ပိုင်းကို FPTP စနစ်ဖြင့် ရွေးကောက်ပြီး ကျန်သည့် အစိတ်အပိုင်းကို ပါတီစာရင်းအရ အချိုးကျစနစ် PR ဖြင့် ရွေးကောက်တင် မြှောက်ခြင်းဖြစ်သည်။
(၃) လွှဲပြောင်းပေးနိုင်သော မဲတစ်မဲ စနစ် (Single Transferable Vote System)
ပါတီများက မဲဆန္ဒနယ်မြေတစ်ခုအတွက် အနိုင်ရနိုင်မည့် ကိုယ်စားလှယ်လောင်းများ အမည်စာရင်းကို နာ မည် စာရင်းတင်သွင်းရသည်။ မဲဆန္ဒနယ်မြေ တစ်ခုတွင် ကိုယ်စားလှယ် အမြောက်အ မြား ၀င်ရောက် ယှဉ်ပြိုင်နိုင်ပြီး ရရှိသည့် မဲများကို တစ်ဦးချင်း အဆင့်ဆင့်ပြောင်းလဲရသော နည်းဖြစ်သည်။ ဥပမာ-ကိုယ် စားလှယ်လောင်း ခုနစ်ယောက်ရှိလျှင် မဲပေးရမည့်အကွက်များမှာ မိမိကြိုက်နှစ် သက်သူ တစ်ဦးထက်မက ဘဲ နှစ်သက်ရာ အစဉ်လိုက် မဲပေးရွေးချယ်ခွင့်ရှိသည်။ မဲ အများဆုံးရသော ကိုယ်စားလှယ်လောင်း က လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရန် သေချာနိုင်သော မဲအရေအတွက်ကိုချန်ပြီး ပိုသောမဲများကို ဒုတိယမဲ အများဆုံးရသူ၏ မဲစာရင်းတွင် ထည့်ပေါင်းပေးရသည်။
မဲအရေအတွက် အနည်းဆုံးရသောသူကို ဖယ်ထုတ်ပစ်ပြီး ၎င်းတို့ရရှိသောမဲများ အားလုံးကို ဒုတိယ၊ တတိယ မဲအများဆုံး ရသူများ၏ မဲစာရင်းတွင် ထည့်ပေါင်းရေတွက်စေကာ ရွေးချယ်ရသောစနစ်ဖြစ်သည်။