မွန်ပြည်နယ် ကျိုက်မရော မြို့နယ်နှင့် အနီးအနား ကရင်ပြည်နယ် အစပ်တွင် ပိတ်မိနေသည့် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) တပ်များ ဌာနချုပ်ရှိရာ နယ်စပ်သို့ ဆုတ်ခွာလာနိုင်ရန် ထွက်ပေါက် လမ်းကြောင်းဖွင့်ပေးရေး မြန်မာ့တပ်မတော်မှ တာဝန်ရှိသူများနှင့် ညှိနှိုင်း မှုများ ပြုလုပ်နေကြောင်း DKBA အဖွဲ့မှ ဗိုလ်ကြီး စောစိုးမြင့်က မဇ္စျိမသတင်းဌာနကို စက်တင်ဘာ ၂၈ ရက်က အတည်ပြု ပြောဆိုသည်။
“ဒီနေ့ မနက်ပိုင်းလောက်မှာပဲ ကျွန်တော်တို့ဆီက ဗိုလ်ချုပ် ကျော်သက်နဲ့ ၊ စကခ ၁၂ မှူးနဲ့ တွေ့ဆုံပြီး ညှိနှိုင်း နေကြတယ်။ ကျွန်တော်တို့ကို ထွက်ပေါက်တစ်ခုပေးဖို့ တောင်းဆိုထားတယ်။ အဲ့တော့မှလည်း ကျွံနေတဲ့ ကျွန်တော်တို့တပ်တွေ ဆုတ်လို့ရမယ်။ ဒါမှတည်ငြိမ် အေးချမ်းအောင် လုပ်နိုင်မယ်” ဟု မြဝတီဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီး စောစိုးမြင့်က ပြောသည်။
DKBA တပ်များ ပိတ်မိနေသဖြင့် ထိန်းချုပ်ရန်ခက်ခဲနေပြီး မြန်မာ့တပ်မတော်ဘက်ကလည်း တင်းမာမှုရှိနေသ ည့်အတွက် နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့များ ပဋိပက္ခဖြစ်ပွားမှုကို လျှော့ချနိုင်ရန် ယခုကဲ့သို့ တောင်းဆိုရခြင်းဖြစ် သည်ဟု ဗိုလ်ကြီး စောစိုးမြင့်က ဆိုသည်။
အောက်ခြေတွင် ညှိနှိုင်းနေမှုအပြင် DKBA ထိပ်တန်း ခေါင်းဆောင်များ ဖြစ်ကြသည့် ဗိုလ်မှူးစောဆန်းအောင်နှင့် စောလုံလုံ တို့ကလည်း ကစထ (၄) မှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးနှင့် ညှိနှိုင်းလျက်ရှိသည်။
ထိုသို့ DKBA မှ တပ်မတော် အာဏာပိုင် များနှင့် ညှိနှိုင်းမှု ပြုလုပ်နေသည်ဟု ကရင်နယ်ခြားစောင့်တပ်မှ ဗိုလ်မှူး နိုင်မောင်ဇော်ကလည်း မဇ္စျိမကိုအတည်ပြုဆိုခဲ့သော်လည်း အသေးစိတ်ပြောပြရန် ငြင်းဆိုသည်။
အစိုးရတပ်မှ ထွက်ပေါက်ပေးသည်နှင့်တစ်ပြိုင်နက် DKBAတပ်များ ဆုတ်ခွာပြီးပါက စက်တင်ဘာ ၂၆ ရက်က ကျိုက်မရောတွင်ဖြစ်ခဲ့သည့်တိုက်ပွဲတွင် သိမ်းဆည်းထားသော တပ်မတော်၏ လက်နက်များကို ပြန်လည် ပေးအပ်ရန် ကနဦး ညှိနှိုင်းထားကြောင်း ဗိုလ်ကြီး စောစိုးမြင့်က ပြောသည်။
ယခုကဲ့သို့ ညှိနှိုင်းမှုများ လုပ်ဆောင်နေသော်လည်း စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် (၉) နာရီ ခန့်မှ မွန်းလွဲ ပိုင်းအထိ DKBA တပ်ဖွဲ့နှင့် အစိုးရ တပ်မတော်တို့အကြား မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် နယ်စပ် အကြားရှိ ရွှေဝါချောင်းအရပ်၌ တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်ဟု ဒေသခံ သတင်းများနှင့် ဗိုလ်ကြီး စောစိုးမြင့်တို့က မဇ္စျိမအား အတည်ပြု ပြောကြားခဲ့သည်။
အဆိုပါ ပစ်ခတ်မှုတွင် အထအခိုက်ရှိခဲ့ကြောင်း ဒေသသတင်းများက ဆိုသော်လည်း မိမိတို့ဘက်မှ ထိခိုက်မှု ရှိ၊ မရှိကို ဗိုလ်ကြီး စောစိုးမြင့်က ငြင်းဆိုခဲ့သည်။
ထိုတိုက်ပွဲ၌ ဒီကေဘီအေ တပ်ဖွဲ့များ တကွဲတပြားဖြစ်ခဲ့ကာ ရှောင်တိမ်းနေကြကြောင်းနှင့် ကျိုက်မရောမြို့မှ DKBA အဖွဲ့၏ မွန်ပြည်နယ် စီးပွားရေး တာဝန်ခံ ဗိုလ်ကြီး စောဝင်းဇော်အား မြန်မာ အာဏာပိုင် များမှ ရှာဖွေမှု ဆက်လက် ပြုလုပ်နေပြီး ဗိုလ်ကြီးစောဝင်းဇော်၏ အမျိုးသမီးအား မေးမြန်းရန် နေ့လည်၌ ခေတ္တ ခေါ်ယူ ထိန်းသိမ်းကာ ညနေ၌ ပြန်လွှတ်ပေး ခဲ့ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ ရဲအရာရှိတဦးက မဇ္စျိမအား အတည်ပြု ပြောသည်။
ရွှေဝါချောင်း၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် DKBA ဘက်မှ အလောင်း (၄) လောင်းကို ညနေ ၅ နာရီ ခန့်တွင် မြန်မာ အာဏာပိုင်များမှ တွေ့ရှိ သိမ်းဆည်းနိုင်ခဲ့ကြောင်း အဆိုပါ ရဲအရာရှိက ဆိုသည်။
ထိုသို့ DKBA နှင့် အစိုးရတပ်မတော်တို့အကြား မွန်ပြည်နယ် ကျိုက်မရောနှင့် ၊ ကရင်ပြည်နယ် မြဝတီ တို့၌ စက်တင်ဘာ ၂၆၊ ၂၇ ၊ ၂၈ သုံးရက်တာ ထိတွေ့မှု ဖြစ်ပွားခဲ့သော်လည်း မြဝတီမြို့မှ အပ ကျန်သည့် ကရင်ပြည်နယ်ရှိ နေရာများအား ပုံမှန် လုံခြံုရေးသာထားရှိကြောင်း နယ်ခြား စောင့်တပ်မှ ဗိုလ်မှူး နိုင်မောင်ဇော်က ပြောသည်။
“မြဝတီရဲ့ လုံခြံုရေးကိုတော့ တင်းကျပ် ထားရတယ် ၊ မတင်းကျပ်လို့လည်း မရတော့ဘူးလေ။ ခဏ ဝင်ပစ်၊ ခဏ ဝင်ပစ် ထပ်ဖြစ်လာမှာ စိုးရိမ်ရတယ်” ဟု ဗိုလ်မှူး နိုင်မောင်ဇော်က မှတ်ချက်ပြုသည်။
ယခု ကဲ့သို့ DKBA နှင့် အစိုးရ တပ်တို့ အကြား လက်နက်ကိုင် ပစ်ခတ်မှု ဖြစ်ပွား ရခြင်း မှာလည်း DKBA အဖွဲ့မှ အောက်ခြေ တပ်များကို ထိန်းချုပ်နိုင်စွမ်းနည်းကာ အောက်ခြေတွင် အသစ် ဝင်ရောက်လာသည့် လူငယ်များမှ အထက်အမိန့်အား တသွေမတိမ်း လိုက်နာရန် ပျက်ကွက်ခြင်းကြောင့် စတင် ဖြစ်ပွားရခြင်း ဖြစ်ကြောင်း မြဝတီမြို့ အမှတ် (၁) ရပ်ကွက် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးနောင်က မဇ္စျိမအား သုံးသပ် ပြောကြားခဲ့သည်။