ရန်ကုန်နှင့် မန္တလေးတွင် ၂၀၁၄ ခုနှစ် အတွင်း အရက်ကင်းစင် နယ်မြေများ သတ်မှတ်သွားမည်ဖြစ်ကာ မန္တလေးတိုင်း အစိုးရအဖွဲ့၏ သဘောတူညီချက်ရရှိပြီး ဖြစ်သည်ဟုလည်း ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာ သန်းစိန်က ပြောသည်။
၎င်းက စက်တင်ဘာ ၂၆ ရက်တွင် ရန်ကုန်မြို့၊ အမျိုးသား ကျန်းမာရေး ပြတိုက်တွင် ပြုလုပ်သော အရက်၊ ယမကာ အကြောင်း သိကောင်းစရာ ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ တိုင်းအစိုးရနှင့် ဆွေးနွေးပြီး ဖြစ်သဖြင့် မန္တလေးတိုင်းအတွင်းရှိ မြို့နယ် တစ်ခုတွင် စတင်ကာ အရက်ကင်းစင် နယ်မြေအဖြစ် သတ်မှတ်သွားမည်ဟုလည်း ၎င်းက ဆိုသည်။
ဒေါက်တာ သန်းစိန်က “မန္တလေးတိုင်း အစိုးရအဖွဲ့ကတော့ သဘောတူထားတယ်။ နယ်မြေသတ်မှတ်ဖို့ မြို့နယ် ရွေးဖို့ကျန်သေးတယ်။ အရက်ဆိုင်တွေ ပိတ်ဖို့လောက် အထိတော့ လုပ်ဖို့က မရှိပါဘူး။ အရက် အများဆုံးသောက်သုံးတဲ့ မန္တလေးနဲ့ ရန်ကုန်ကို အရင်ဆုံး အရက်ကင်းစင် နယ်မြေတွေသတ်မှတ် ဖို့လုပ်မှာပါ။ ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့လည်း ဆွေးနွေးဖို့ရှိပါတယ်။ အစိုးရအဖွဲ့ဘက်က ပါဝင်မှ အရက်ကင်းစင်နယ်မြေ သတ်မှတ်လို့ရမှာ"ဟုပြောသည်။
အရက် ကင်းစင်နယ်မြေ သတ်မှတ်ပြီးပါက အမျိုးသမီးနှင့် အသက် ၁၈ နှစ်အောက် ကလေးသူငယ်များကို အရက်ရောင်းချခွင့် ကန့်သတ်ခြင်း၊ အသက် ၁၈ နှစ်ကျော်သော အမျိုးသားများကိုသာ အရက်ရောင်းချပေးရန်၊ ရောင်းချမည့် အချိန်ကန့်သတ်ခြင်း၊ အရက်မရောင်းရနေ့ အဖြစ်သတ်မှတ်ခြင်း၊ ဘာသာရေး ပရဝုဏ်အနီးတွင် အရက်မရောင်းချရန် တားမြစ်ခြင်းကို အသိပညာပေးခြင်းအပိုင်းမှ စတင်ကာ တစ်ဆင့်ခြင်း ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ဆိုသည်။
ယင်းအပြင် အရက် ယမကာသုံးစွဲမှု လျော့နည်းရေး မူဝါဒနှင့် မဟာဗျုဟာများ ရေးဆွဲညှိနှိုင်းဆွေးနွေးပွဲများ ပြုလုပ်၍ တိုင်း၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ထပ်မံ တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး အရက်ကင်း စင်နယ်မြေများ သတ်မှတ်ရေးကို ၂၀၁၄ ခုနှစ်အတွင်း အမြန်ဆုံး အကောင်အထည်ဖော်မည် ဖြစ်သည်။