ဓမ္မစေတီ ခေါင်းလောင်း ရှိသည်ဟု တိကျသော သုတေသနမှတ်တမ်းများ မရှိ၍ ရှာဖွေမှုကို အားပေးခြင်း မရှိဟု ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက ပြောသည်။
စက်တင်ဘာ ၂၄ ရက်၌ ရန်ကုန်မြို့၊ အမျိုးသားပြတိုက်တွင် ပြုလုပ်သော မြန်မာနိုင်ငံအာဆီယံ လူမှုရေး ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီနှင့် မီဒီယာတွေ့ဆုံပွဲ၌ စာနယ်ဇင်းများ၏ မေးမြန်းမှုကို ဖြေကြားလိုက် ခြင်းဖြစ်သည်။
၎င်းက “ရန်ကုန်တိုင်း အစိုးရအဖွဲ့ဆီက ခွင့်ပြုချက်ရရင် လုပ်ပါလို့ ဒီလောက်ပဲပြောချင်တယ်။ ယဉ်ကျေးမှု ဝန်ကြီးဌာနက ဦးဆောင်ခြင်း မပြုပါဘူး။ ယဉ်ကျေးမှုဝန်ကြီးဌာနက ဓမ္မစေတီခေါင်းလောင်းနဲ့ ပတ်သက်ပြီး သုတေသနပြုလုပ်ဖို့ မရှိသလို ဘတ်ဂျက်ရှာပြီး ရှာဖွေဖို့လည်းမရှိပါဘူး။ ပြည်သူက ယဉ်ကျေးမှုဝန်ကြီး ဌာနကို ယုံကြည်မှုမရှိ တာတွေဖြစ်လာမယ်” ဟု ပြောသည်။
ယင်းအပြင် ရန်ကုန်မြစ်နှင့် ပဲခူးမြစ်ဆုံရာတွင် ဓမ္မစေတီခေါင်းလောင်း ကျသွားသည်ဟူသော တိကျသည့် သုတေသန မှတ်တမ်းများမရှိဟုလည်း ၀န်ကြီးက ဆိုသည်။
ဓမ္မစေတီခေါင်းလောင်းကို ဦးစံလင်းနှင့်အဖွဲ့က သြဂုတ် ၉ ရက်တွင် စတင်ရှာဖွေခဲ့သော်လည်း ရှာဖွေမတွေ့ခဲ့ဘဲ သောင်တူးသင်္ဘောကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြန်လည်သိမ်းသွားပြီ ဖြစ်သည်။
ဝန်ကြီးဌာနက ဘတ်ဂျက်ရှာဖွေ၍ ဓမ္မစေတီ ခေါင်းလောင်းရှာဖွေမည် မဟုတ်သကဲ့သို့ အခြားအဖွဲ့များ တွေ့ရှိပါကလည်း သိမ်းယူမည်မဟုတ်ဟု ဆိုသည်။
ပြည်ထောင်စုဝန်ကြီးက ဦးအေးမြင့်ကြူ က “ခေါင်းလောင်းက အခုမှ ဟော့ဖြစ်လာတာ။ တခြားထင်ရှားတဲ့ ရှေးဟောင်းလက်ရာတွေတောင် အတုဖြစ်တယ်၊ အစစ်ဖြစ်တယ် အမြဲတမ်း အငြင်းပွားနေရတာ” ဟု ပြောသည်။
ခေါင်းလောင်းရှာဖွေမှုကို ပြည်သူလူထုက စိတ်ပါဝင်စားမှုများရှိသဲ့သို့ ဝေဖန်မှုများလည်း ရှိခဲ့သည်။ လုပ်ငန်းစတင်များ စတင်သည့် ပထမရက်သတ္တပတ်အတွင်း သာကေတမြို့နယ်၊ ရှုခင်းသာအနီး ရန်ကုန် မြစ်ကမ်းတွင် လူအများအပြား လာရောက်ကြည့်ရှုသည်အထိ စည်ကားခဲ့သည်။