ရခိုင်ပြည်နယ်၊ မြေပုံမြို့တွင် ဘင်္ဂလီများကို နိုင်ငံသားဖြစ်ခွင့် အသိအမှတ်ပြုကတ်များကို ထုတ်ပေးမှုကို ဒေသခံများက ပြည်နယ်အစိုးရအား ဆန္ဒထုတ်ဖော်မှုများရှိနေရာ အစိုးရ နှင့်ထိပ်တိုက်ရင်ဆိုင်ရမည့် ကိစ္စရပ်များကို ရှောင်ရှားကြရန် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက သတိပေးလိုက်သည်။
ရခိုင်ပြည်နယ် စစ်တွေမြို့၌ ရခိုင်ပြည်နယ် စည်းကမ်းထိမ်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ ၊မြို့မိမြို့ဖများများနှင့် စက်တင်ဘာ ၂၃ ရက်က တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးဦးလှဟန်က မဇ္စျိမကို ပြောသည်။
၎င်းက “အစိုးရအနေနဲ့ စိစစ်ပြီးမှ ထုတ်ပေးတာဖြစ်တယ်၊ ဒီဖြစ်စဉ်ကို နိုင်ငံတကာကလည်း စောင့်ကြည့်နေ တယ်၊ ရခိုင်ဒေသခံတွေအနေနဲ့ ပျော့ပြောင်းမှုရှိဖို့ လိုတယ်ဆိုတာကိုတော့ သတိပေးသွားတယ်” မဇ္စျိမကို ပြောသည်။
စက်တင်ဘာ ၂၂ ရက်က မြေပုံမြို့နယ်ရှိ ဘင်္ဂလီ ၄၀ ဦးကို နိုင်ငံသားဖြစ်ခွင့် အသိအမှတ်ပြုကဒ်များတွင် ကမန်လူမျိုး အမည်ဖြင့် ထုတ်ပေးသဖြင့် အိမ်ခြေ ၄၀၀၀ ကျော် ရှိသည့် မြေပုံမြို့ တစ်မြို့လုံးနီးပါးရှိ ဒေသခံများက ဝန်ကြီးချုပ်ရောက်ရှိစဉ် စျေးဆိုင်များ၊ နေအိမ်တံခါးများကို ပိတ်၍ အသံတိတ် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
စက်တင်ဘာ ၂၂ ရက်တွင် ရခိုင်ပြည်နယ် မြေပုံ ဒုက္ခသည်စခန်းတွင် သြဂုတ်လ အတွင်းက ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေအရ လူတွေ့စစ်ဆေးခဲ့ပြီး ကမန်တိုင်းရင်းသားအဖြစ် ဦးရေ ၄၀ ကို ကတ်ထုတ် ပေးခဲ့ကာ ၁၆၉ ဦးကို နိုင်ငံသားပြုခွင့်ရသူအဖြစ် အသိအမှတ်ပြုကတ်များ ထုတ်ပေးခဲ့ခြင်းဖြစ်သည်။