ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ အပစ်ရပ်မူကြမ်းအတွက် ဆဋ္ဌမအကြိမ်မြောက်ဆွေးနွေးပွဲ ဒုတိယနေ့ စက်တင်ဘာ ၂၃ရက်တွင် တပ်ပိုင်းဆိုင်ရာကိစ္စရပ်များ ဆွေးနွေးနေပြီး ညနေ ၃ နာရီ၌ အစည်းအဝေးကို စော၍ ရပ်နားလိုက်သည်ဟု NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။
အစည်းအဝေးမှာ အဆင်မပြေ၍ စော၍ ရပ်နားခြင်းဖြစ်ပြီး နောက်ရက်များတွင်တော့ ဆက်လက်ဆွေးနွေး မည်ဟု နိုင်ဟံသာက ဆိုသည်။ သို့သော် မည်သည့် အချက်များ ဆွေးနွေးနေစဉ် အဆင်မပြေဖြစ်သည်၊ မည်ကဲ့သို့ အဆင်မပြေဖြစ်သည်ကိုမူ နိုင်ဟံသာက ထုတ်ဖော်ပြောမသွားပေ။
ယနေ့ (စက်တင်ဘာ ၂၃ရက်) ဒုတိယနေ့ ဆွေးနွေးပွဲတွင် အခန်း ၃ နှင့် အခန်း ၄ ဖြစ်သည့် အပစ်အခတ်ရပ်စဲ ရေးဆိုင်ရာ ကိစ္စရပ်များနှင့် အပစ်ရပ်ရေးကို ခိုင်မာအောင် လုပ်ဆောင်ရမည့် အချက်များကို ဆွေးနွေးနေခြင်း ဖြစ်သည်။