ကရင်အမျိုးသား အစည်းအရုံး (KNU) သည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းထားခြင်းမှာ နိုင်ငံရေးကို ထိခိုက်ရန်မရှိဟု ဗဟိုကော်မတီဝင် ပဒိုစောတာဒို မူးက စက်တင်ဘာ ၂၂ ရက် တွင် ပြောကြားလိုက်သည်။
၎င်းက ရန်ကုန်မြို့၊ ယုဒသန်ခန်းမတွင် KNU နှင့် ကရင်လူထု တွေ့ဆုံသည့်ပွဲ၌ တက်ရောက်လာသည့် ကရင်လူထုက UNFC အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းခြင်းကို မေးခွန်းထုတ်ခဲ့သည့်အပေါ် ယင်းကဲ့သို့ ပြန်လည် ဖြေကြားလိုက်ခြင်းဖြစ်သည်။
စောတာဒိုမူးက “ကေအင်န်ယူရဲ့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ NCCT နဲ့ အစိုးရက တိုက်ရိုက်ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးကို ဆွေးနွေးနေတာဖြစ်လို့ နိုင်ငံရေးကို ထိခိုက်စရာမရှိဘူး” ဟု ပြောသည်။
KNU ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တွင် ကရင်လူထုနှင့် တွေ့ဆုံရှင်းလင်းခဲ့ရာ KNU ဥက္ကဋ္ဌ ပဒိုစောမူတူးစေးဖိုး အပါအဝင် ဗဟိုကော်မတီဝင် ခုနစ်ဦးက ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
ရှင်းလင်းပွဲတွင် တက်ရောက်လာသည့် ကရင်လူမျိုးများက UNFC အဖွဲ့ဝင်အဖြစ်မှ ခွဲထွက်ခြင်းကြောင့် ကရင်အချင်းချင်း စည်းလုံးညီညွတ်မှု၊ လက်ရှိအစိုးရအပေါ် KNU က တရားလွန် ယုံကြည်မှုမရှိရန်၊ အပစ် ခတ်ရပ်စဲရေးတို့အပြင် ခွဲထွက်ပါက ကရင်ပြည်သူလူထု၏ သဘောဆန္ဒကို ရယူရန် ရှိ မရှိတို့ကို မေးခွန်း ထုတ်ခဲ့သည်။
ကေအင်န်ယူအနေဖြင့် အချုပ်အခြာအာဏာကို တစ်ဦးတစ်ယောက်အား အာဏာပေးအပ် ထားခြင်း မဟုတ်ဘဲ ဒီမိုကရေစီကျကျ ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ပြီး အာဏာရှင်ဆန်သော လုပ်ဆောင်မှုများကို ဆန့်ကျင်သွားမည်ဟုလည်း ဥက္ကဋ္ဌ မူတူးစေးဖိုးကဆိုသည်။
၎င်းက “ကေအင်န်ယူသည် စစ်အာဏာရှင်ဆိုတဲ့ အာဏာမျိုး မတည် ဆောက်ပါဘူး။ အာဏာရှင်ပုံစံ အမျိုးမျိုးကို ဆန့်ကျင်ပါတယ်” ဟု ပြောသည်။
UNFC အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်း ထားခြင်းကို ဗဟိုကော်မတီဝင်များက အစည်းအဝေးပြုလုပ်ကာ ပြန်လည်သုံးသပ် မည်ဖြစ်ပြီး ခွဲထွက်ရန် ဆုံးဖြတ်ရခြင်းမှာ KNU သည် ငြိမ်းချမ်းမှုကို လိုလားသော ကြောင့်ဖြစ်သည်ဟု KNU ဗဟိုကော်မတီဝင် ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
ပဒိုစောကွယ်ထူးဝင်းက “နိုင်ငံရေး အဖြေရှာဖို့ ပူးပေါင်းခဲ့တာ၊ လက်နက်ကိုင်ဖို့ ဆိုတော့ ပြဿနာရှိတယ်”ဟု ပြောသည်။
၎င်းက ဆက်လက်ပြီး “ကေအင်န်ယူ တောတွင်း လက်နက်ကိုင်တွေနဲ့ ကရင်ပြည်သူတွေ ခုလိုတွေ့ ဖို့ဆို တာ မဖြစ်နိုင်ခဲ့ဘူး။ တောထဲမှာ တိုက်ပွဲတွေဖြစ်လို့ ကျောင်းတွေ၊ ရွာတွေ ပျက်စီးတာ တွေရင်ဆိုင်ရတယ် ။ အရင်လို လက်နက်ကိုင်တိုက်ပွဲတွေ နဲ့ ဒုံရင်းပြန်ဖြစ်မှာစိုးလို့ပါ” ဟု ပြောသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၂ ရက်အထိ နှစ်ကြိမ်ခွဲ၍ ကျင်းပခဲ့သော UNFC ၏ ပထမဆုံးအကြိမ် ညီလာခံ ပ ဉ္စမမြောက်နေ့တွင် ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ကိုယ် စားလှယ်များ အစည်းအဝေးက ထွက်ခွာသွားခဲ့ပြီး စက်တင်ဘာ ၁ ရက်တွင် KUN ဥက္ကဋ္ဌ စောမူတူးစေးဖိုး ၏ လက်မှတ်ဖြင့် UNFC အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းကြောင်း စာပို့ခဲ့သည်။