ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်အဖြစ်ပါ၀င်မှု ရပ်ဆိုင်း ထားသော KNUသည် တိုင်းရင်းသားအဖွဲ့များမှ ခွဲထွက်မည် ဆိုပါက ရေရှည်အတွက် စဉ်းစားရန် လိုအပ် သည်ဟု UNFC ၏ တွဲဖက် အတွင်းရေးမှူး (၁)၊ ပအို၀်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက မဇ္စျိမကို ပြောသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ PNLO ထဲမှာပဲ ရေတိုအကျိုးစီးပွားသမားနဲ့ ရေရှည် အကျိုးစီးပွားသမားနှစ်ဖွဲ့ပေါ့ ညှိနှိုင်းနေဆဲ။ ဒါကို ကျွန်တော်တို့တပ်ပေါင်းစုတွေက စောင့်ဆိုင်းနေတဲ့ အခြေအနေ” ဟုဆိုသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၂ ရက်အထိ နှစ်ကြိမ်ခွဲ၍ ကျင်းပခဲ့သော UNFC ၏ ထမဆုံး အကြိမ်ညီလာခံ ပ ဉ္စမမြောက်နေ့တွင် ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ကိုယ်စားလှယ်များ အစည်းအဝေးက ထွက်ခွာသွားခဲ့ပြီး စက်တင်ဘာ ၁ ရက်တွင် ဥက္ကဋ္ဌ စောမူတူးစေးဖိုး၏ လက် မှတ်ဖြင့် KUN အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်း ကြောင်း စာပို့ခဲ့သည်။
ရပ်ဆိုင်းရခြင်းမှာ UNFC ၏ အားနည်းချက်များကို ပြင်ဆင်ရန် ရေးသားထားသည့် စာတမ်းကို အကြေအလည် မဆွေးနွေးသဖြင့် ဖြစ်သည်ဟုလည်း ၎င်းတို့၏ ကြေညာချက်တွင် ဖော်ပြထား သည်။
နုတ်ထွက် ပြီးနောက်ပိုင်းUNFC အဖွဲ့သို့ ပြန်ဝင်ရေး၊ မဝင်ရေး ဆုံးဖြတ်မည့် KNU ဗဟိုကော်မတီ အစည်းအဝေးကို လာမည့်အောက်တိုဘာ တတိယအပတ်အတွင်းမှ ဆုံးဖြတ်မည် ဖြစ်သည်ဟုလည်း ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် စောတာဒိုမူးက မဇ္စျိမကို ပြောထားသည်။
UNFC ကမူ ဒု-ဥက္ကဋ္ဌ နေရာအတွက် LND ကို လျာထားထားပြီးဖြစ်သည်။
ယင်းသို့ UNFC အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းထားသော်လည်း တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး လုပ်ငန်း များတွင်မူ ဆက်လက် ပါ၀င်နေပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့တွင်ပါ လုပ်ငန်းများ ဆက်လက် လုပ်ကိုင်သွားမည်ဟုလည်း KNU ဘက်က ပြောကြားထားသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍မူ ဗိုလ်မှူးကြီးခွန်ဥက္ကာက “အပစ် ရပ်ရေးစာချုပ်ထဲမှာတော့ ဘယ်သူမှ မထွက်ဘူး” ဟု ဆိုသည်။
စက်တင်ဘာ ၂၂ ရက်တွင် အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နှင့် NCCT တို့၏ဆွေးနွေးပွဲကို စတင်မည်ဖြစ်ပြီး အပစ်ရပ် စာချုပ်မူကြမ်း အတွက် ဆက်လက် ဆွေးနွေးမည်ဖြစ်ကာ ယခုတစ်ကြိမ်တွင် ဆွေးနွေးပွဲကို ငါးရက်ကျင်းပ မည်ဖြစ်သည်။
ယင်းသည် အဆုံးသတ် ဟုတ်မဟုတ် မဆုံးဖြတ်နိုင်သေးဘဲ အနီးစပ်ဆုံး ဆွေးနွေးနိုင်မည်ဟု ယုံကြည်သည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။