KNU က UNFC ကို ပြန်ဝင်ရေးမဝင်ရေး အောက်တိုဘာ တတိယပတ် ဆုံးဖြတ်မည်

KNU က UNFC ကို ပြန်ဝင်ရေးမဝင်ရေး အောက်တိုဘာ တတိယပတ် ဆုံးဖြတ်မည်
by -
မဇ္စျိမ

ကရင်အမျိုးသားအစည်းအရုံး (KNU)က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်အဖြစ် ဆက်လက် ပါဝင်ရေး၊ မပါဝင်ရေး ဆုံးဖြတ်မည့် KNU ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးကို လာမည့် အောက်တိုဘာလ တတိယပတ်တွင် ကျင်းပရန် ဆုံးဖြတ်လိုက်သည်ဟု ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် စောတာဒိုမူးက မဇ္စျိမကို ပြောသည်

စက်တင်ဘာလ ၁၅ ရက်မှ ၁၇ ရက်ထိ KNU ၏ တပ်မဟာ ရ နယ်မြေ ဘာအံခရိုင် လောခီးလာတွင် သုံးရက်ကြာ ကျင်းပသော KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး၌ KNU ဥက္ကဋ္ဌ အပါအဝင် ဗဟိုအလုပ်အမှု ဆောင် ကော်မတီဝင် ၁၀ ဦး ဆွေးနွေး၍ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

KNU-Mutosaphoe

“ရက်အတိအကျတော့ မပြောသေးဘူး။ ဒါပေမဲ့ တတိယပတ်မှာ တွေ့မယ်လို့ သတ်မှတ်လိုက်တယ်။ မဟာမိတ်တော့ ကျွန်တော်တို့ လုပ်ရမှာပေါ့။ NCCT မှာလည်း ပါဝင်လုပ်နေတာပဲ”ဟု သူက ပြောသည်။

အဆိုပါ ဗဟိုအမြဲတမ်းကော်မတီအစည်းအဝေးကို KNU ၏ တပ်မဟာ ရ နယ်မြေ ဘာအံခရိုင် လောခီးလာတွင် ကျင်းပမည်ဖြစ်ပြီး KNU ၏ တပ်မဟာ၊ ခရိုင်ခေါင်းဆောင်များပါဝင်သော ဗဟိုအမြဲတမ်းကော်မတီ အဖွဲ့ဝင်ပေါင်း ၄၀ ဦးကျော် တက်ရောက် ကြမည်ဟု သူက ဆိုသည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးတွင် လက်ရှိ နိုင်ငံရေးအခြေအနေများကို သုံးသပ်ခဲ့ကြပြီး လက်ရှိ KNU၏ ငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းသွားရန် ဆွေးနွေးခဲ့ကြသည်ဟု ပဒိုစောတာဒိုမှူးက ပြောသည်။

“ကျွန်တော်တို့က နဂိုကတည်းက သန္ဓိဌာန်ချထားတာက ငြိမ်းချမ်းရေးကို အခက်အခဲတောထဲကနေပဲ မရရအောင်သွားဖို့။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အဖွဲ့အစည်းကိုယ်၌ကလည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းမယ်ဆိုတဲ့ အခြေခံက ရှိနေတော့ ဒီအနေအထားကိုတော့ ရတဲ့အနေအထားကနေ တစ်ဆင့်ချင်း လုပ်သွားမယ်”ဟု သူက ပြောသည်။

ထို ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေး၌ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာညှိ နှိုင်းရေး အဖွဲ့ (NCCT) မှ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှတစ်ဆင့် နိုင်ငံရေး မူဘောင်ရေးဆွဲရေးနှင့်နိုင်ငံရေး ဆွေးနွေးမှုများ လုပ်ဆောင်သွားရန် ဟူသော အချက်များကို ထပ်မံ ဆွေးနွေးခဲ့သည်ဟု သူက ဆိုသည်။

KNU က UNFC ညီလာခံတွင် ဗဟိုချုပ်ကိုင်မှုနည်းသော အုပ်ချုပ်ပုံကို တင်ပြဆွေးနွေးခဲ့သော်လည်း မဟာမိတ် အဖွဲ့ဝင်များဘက်မှ လက်မခံသဖြင့် KNU ကိုယ်စားလှယ်များ ညီလာခံအတွင်းမှ ထွက်ခွာခဲ့သည်ဟု KNUက ဆိုသည်။ ယင်းအပြင် စက်တင်ဘာလ ၁ ရက်တွင် KNU ဥက္ကဋ္ဌ မူတူးစေးဖူးသည် UNFC အဖွဲ့ဝင်အဖြစ်မှ ယာယီ နုတ်ထွက်ကြောင်းနှင့် အဖွဲ့ဝင်အဖြစ်မှ ပါဝင်ရေး၊ မဝင်ရေးကို ဗဟိုကော်မတီအစည်းအဝေး ပြုလုပ်၍ ဆုံးဖြတ်မည် ဖြစ်ကြောင်း ညီလာခံသို့ စာရေးသားပေးပို့ခဲ့သည်။

UNFCကမူ KNU အနေဖြင့် အဖွဲ့ဝင်အဖြစ် ပြန်လည်ဝင်ရောက်ရန် လိုလားလျက်ရှိသည်ဟု UNFC ခေါင်းဆောင်များက ဆိုသည်။ ယင်းအပြင် UNFC ၏ ခေါင်းဆောင်များအား ပြန်လည်ရွေးချယ်ရာတွင် ဒု-ဥက္ကဋ္ဌ နေရာအတွက် KNU၏ ကိုယ်စားလှယ်တစ်ဦးအား လျာထားထားသည်။

လာမည့် စက်တင်ဘာလ ၂၂ ရက်တွင် စတင်ဆွေးနွေးမည့် ပြည်ထောင်စုအစိုးရဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နှင့် NCCT တို့ ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးပွဲသို့ KNU ကိုယ်စားလှယ် ပဒိုကွယ်ထူးဝင်း၊ KNU ၏ နည်းပညာအထောက် အကူပြုအဖွဲ့မှ ပဒိုစောတာဒိုမူးနှင့် ဗိုလ်မှူး တာမလာတောတို့ ပါဝင်မည် ဖြစ်သည်။

ပဒိုစောတာဒိုမူးကို တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ လိုက်နာရမည့် တပ်ပိုင်းဆိုင်ရာ ကျင့်ဝတ်စည်းကမ်း Code of Conduct တွင် ဦးဆောင်ဆွေးနွေးရန်အတွက် NCCT မှ တာဝန်ပေးထားသည်။