ကျောက်ဖြူ ဂျပန်မဆိပ်ကမ်းတွင် မီးလောင်၍ ဆိုင်ခန်း ၁၅ ခန်းမီးထဲပါ

ကျောက်ဖြူ ဂျပန်မဆိပ်ကမ်းတွင် မီးလောင်၍ ဆိုင်ခန်း ၁၅ ခန်းမီးထဲပါ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ဂျပန်မ ဆိပ်ကမ်းတွင် စက်တင်္ဘာလ ၁၇ရက်နေ့ နံနက်ပိုင်းက မီးလောင်မူ ဖြစ်ပွားရာ အနည်းဆုံး ဆိုင်ခန်း (၁၅) ခန်းမီးထဲပါသွားသည်ဟု သိရသည်။

ယင်းမီးမှာ ယနေ့ နံနက် ၂ နာရီ ၂၀ မိနစ် မှ ၃ နာရီကျော်ထိ လောင်ကျွမ်းခဲ့သည်ဟု ဒေသခံ တစ်ဦးဖြစ်သူ ကိုထွန်းထွန်းနိုင်က ပြောသည်။

Fire-in-Kyauk-Pru

“ ဒိုင် (၉) ဒိုင် အပါအဝင် ဆိုင်ခန်း (၁၅) ခန်း မီးထဲပါသွားပါတယ်။ ဒိုင်ဆိုတာက အဲဒီဆိပ်ကမ်းမှာရှိတဲ့ ဆိုင်ကြီးတွေကို ပြောတာပါ။ အနီးအနားက ကုန်စုံဆိုင်အချို့လည်း လောင်သွားတဲ့ အထဲပါသွားပါတယ်” ဟု ကိုထွန်းထွန်းနိူင်က ဆိုသည်။

ယင်းမီးမှာ ကျောက်ဖြူမြို့၊ မြစ်နားတန်းရပ်ကွက် ဂျပန် ဆိပ်ကမ်းနေ ဒေါ်ရီရီဝင်း၏(၃၁ နှစ်)၏ ကုန်ခြောက်ဆိုင်တွင် ယနေ့ နံနက် ၂ နာရီ ၂ဝ မိနစ်ခန့်က ဝါယာလျှော့ဖြစ်ရာမှ မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း၊  ယင်းမှတဆင့် အနီးရှိ ဓနိမိုး၊ ဝါးထရံထားသည့် ကုန်ခြောက်ဆိုင်ခန်း ၁ဝ ကျော်ကို ကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း ကျောက်ဖြူရဲစခန်းမှ ဒုရဲမှူး သန်းလှိုင်က အတည်ပြု ပြောကြားသည်။

“ အားလုံး ဆိုင်ခန်းပေါင်း ၁၅ ခန်းလောင်သွားတာပါ။ ဝါယာလျှော့ဖြစ်ပြီးလောင်တာပါ။ ဆုံးရှုံးမှုတန်ဖိုး ကတော့ အားလုံးပေါင်း ကျပ် ၁၅ သိန်းဖိုးလာက်ရှိတယ်”ဟု ပြောဆိုသည်။

ဒေသခံများကမူ ဆုံးရှံုးမူ တန်ဖိုးမှာ သိန်း (၂၀၀) ကျော်ဖိုးရှိနိုင်သည်ဟု ဆိုသည်။

မီးစလောင်ကျွမ်းခဲ့သော ဆိုင်ခန်းပိုင်ရှင် ဒေါ်ရီရီဝင်းကို ကျောက်ဖြူမြို့မရဲစခန်းမှ (ပ) ၂၁၃/၂ဝ၁၄၊ ပြစ်မှု ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Most read this week