အစိုးရ ဦးဆောင်ကျင်းပမည့် ကချင်မနောပွဲတော်ကို လူငယ်ကော်မတီ ကန့်ကွက်

အစိုးရ ဦးဆောင်ကျင်းပမည့် ကချင်မနောပွဲတော်ကို လူငယ်ကော်မတီ ကန့်ကွက်
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ်အစိုးရ မှ ကြီးမှူးကျင်းပမည့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲတော်ကြီးကို ဗဟို ကချင်ရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ လူငယ်ကော်မတီမှ ကန့်ကွက်လိုက်ကြောင်း သိရှိရသည်။

ကချင်ပြည်နယ်တွင်၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှစ၍ အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အဖွဲ့နှင့်ဖြစ်ပွားနေသောတိုက်ပွဲသည် ယခုချိန်ထိ ဆက်လက်ဖြစ်ပွားနေကာ စစ်ပြေးဒုက္ခသည်များလည်း ၂ သိန်းနီးပါး တိမ်းရှောင်နေရချိန် ထိုသို့ မနောပွဲတော်ကြီး ကျင်းပရန် မဖြစ်နိုင်ကြောင်း လူငယ်ကော်မတီ ဥက္ကဌ ဆရာဂွမ်ဂျာနော် KNG ကချင်သတင်းဌာန သို့ ပြောသည်။

“ငြိမ်းချမ်းရေးဆွေးနွေးတာလည်း မပြီးသေးဘူး စစ်ပွဲလည်းမပြီးသေးဘူး နှစ်ဖက်တပ်က စစ်သားတွေလည်း အသင့် အနေအထား ရှိနေဆဲဖြစ်နေတဲ့အနေအထားမှာရှိနေချိန် တချို့က တဘက်ကနေ ဒီလိုပွဲတော်ကြီး ပြုလုပ်ဖို့က မသင့်တော်ဘူး ထိခိုက်နိုင်တယ်” ဟု သူက ပြောသည်။

လာမည့် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင်ကျရောက်မည့် ‘၆၇’ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ မနောပွဲတော်ကြီးကို ကချင်ပြည်နယ်အစိုးရမှ တရားဝင် ဦးဆောင်ကျင်းပရန်ပြင်ဆင်နေခြင်းဖြစ်ပြီး ပွဲတော်ကို ဇန်နဝါရီလ ၅ ရက်နေ့မှ ၁၁ ရက်နေ့အထိ ရ ရက်ကြာ ကျင်းပသွားရန်ဖြစ်ကြောင်း အစိုးရအဖွဲ့မှ သိရှိရသည်။

အဆိုပါ မနောပွဲတော်ကြီးဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင်များသည် အစိုးရမှဖွဲ့စည်းပေးသော ပြီးခဲ့သည့် ‘၆၃’ နှစ်မြောက် မနောပွဲတော် ဖြစ်မြောက်ရေး ကော်မတီ အဖွဲ့ဝင်များသာဖြစ်ပြီး ဥက္ကဌသည် ဦးလခရိလအောင် ဖြစ်ကြောင်း သိရှိရသည်။

သို့သော် နေပြည်တော်အစိုးရမှ ကချင်ပြည်နယ်နေ့ မနောပွဲတော်ကြီးဖြစ်မြောက်ရန် မည်သည့်အခန်းကဏ္ဍဖြင့့် ပါဝင်မည်ကိုမူ မသိရှိသေးပေ။

ကချင်ရိုးရာစာပေနှင့် ယဉ်ကျေးမှုမဟိုကော်မတီအဖွဲ့၏ အမြင်သည် ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပမည့် မနောပွဲတော်ကြီး၏ ကုန်ကျစရိတ် သိန်း ၆၀၀၀၊ ရ၀၀၀ ကို စစ်ပြေးဒုက္ခသည်စခန်းများသို့ ကူညီလှူဒါန်းလျင် ပိုမိုကောင်းမွန်ကြောင်း ပြောဆိုခဲ့သည်။

ကချင်ပြည်သူလူထုအသံနှင့် ယနေ့ဖြစ်ပွားနေသည့် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အခြေအနေအားလုံးကို သုံးသပ်ခြင်းအားဖြင့် လာမည့်နှစ် ကချင်ပြည်နယ်နေ့ မနောပွဲတော်ကြီးပြုလုပ်ရန်ကန့်ကွက်ကြောင်း ကချင်ရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ပြောဆိုခဲ့သည်။

မြစ်ကြီးနားမြို့မှာ အခြေစိုက်သည့် ဗဟို ကချင်ရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ကို ၁၉၉၇ ခုနှစ် မေလမှစတင်ဖွဲ့စည်းကာ ကချင်ပြည်နယ်နေ့ မနောပွဲတော် ကျင်းပရာတွင် ဦးဆောင်မှု အခန်းကဏ္ဍတွင် ပါ၀င်ကြောင်းသိရသည်။

Most read this week