တရားဝင် ခရီးသွား လက်မှတ်ဖြင့် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ သွားရောက်သည့် မြန်မာ ခရီးသွားများကို ထိုင်းနိုင်ငံက ဖမ်းဆီမှုခြင်း၊ ငွေကြေးတောင်းခံခြင်းများ ရှိနေသည်ကို ဖြေရှင်းပေးရန် ကရင်ပြည်နယ် ဝန်ကြီးချူပ်နှင့် တပ်မတော်တာဝန်ရှိသူများထံ တောင်းဆို ထားပြီး မပြေလည်ပါက ထိုင်းကုန်တင်ယာဉ်များ ဝင်ထွက်မှုကို တားမြစ်ဦးမည်ဟု ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင် က ပြောသည်။
ယင်းအရေးမပြေလည်သေးပါက တုန့်ပြန်မှုအဖြစ် ထိုင်းနိုင်ငံမှ နေ့စဉ်ဝင်ရောက်နေသည့် ကုန်တင်ကားများ မြဝတီမြို့အတွင်း ဖြတ်သန်းမှုကို ထပ်မံပိတ်ပင်ဦးမည်ဟု ၎င်းကဆိုသည်။ စက်တင်ဘာ ၁၃ ရက်က ထိုင်း ကုန်တင်ကား အစီး ၃၀ ခန့်ကို မြဝတီမြို့အတွင်း ကရင်လက်နက်ကိုင် အဖွဲ့များ ဖြစ်သည့် KNU/KNLA Peace Council (ကရင်ငြိမ်းချမ်းရေး ကောင်စီ) နှင့် DKBA တို့ပူးပေါင်း ပိတ်ဆို့ထားဖူးသည်။
"ဒီလိုဖြစ်နေတာတွေကို ဖြေရှင်းပေးဖို့ မြန်မာ အစိုးရဘက်ကို အကြိမ်ကြိမ် ကျွန်တော်တို့ ပြောခဲ့ပေမယ့် ဖြေရှင်းမပေးခဲ့ဘူး။ ဒါကြောင့် ကျွန်တော်တို့ ဗိုလ်တိုက်ဂါး (ကရင်ငြိမ်းချမ်းရေးကောင်စီ ဗျူဟာမှူး) တို့နဲ့ ပေါင်းလုပ်လိုက်တာ။ ခေါင်းငုံ့ခံနေရတဲ့ ကိုယ့်လူမျိုးတွေကို ကိစ္စကို ဖြေရှင်းမပေးတာက တာဝန်မဲ့ရာ ကျပါတယ်" ဟု ဗျူဟာမှူး စောဆန်းအောင်က ပြောသည်။
ယင်းဖြစ်စဉ်ကြောင့် မြဝတီခရိုင် အုပ်ချူပ်ရေးမှူး၊ မြို့နယ်အုပ်ချူပ်ရေးမှူးတို့က စက်တင်ဘာ ၁၄ရက်တွင် နှစ်နိုင်ငံတာဝန်ရှိသူများနှင့်အတူ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကိုလည်း ဆွေးနွေးခွင့်ပေးမည်ဟု လာရောက်ဖြန်ဖြေခဲ့၍ ပြေလည်ခဲ့သော်လည်း အမှန်တစ်ကယ် ဖိတ်ခေါ်ခြင်းမရှိခဲ့ဟု ကရင်ငြိမ်းချမ်းရေး ကောင်စီ၏ ဆက်ဆံရေးနှင့်လုံခြုံရေး တာဝန်ခံ စောဆေးဝါးက ဆိုသည်။
ကရင်ငြိမ်းချမ်းရေးကောင်စီ တာဝန်ခံက ထိုင်းရဲများသည် တရားဝင်လက်မှတ်ဖြင့် သွားသော မြန်မာနိုင်ငံသား များကိုပင် ဖမ်းဆီးခြင်း၊ ငွေတောင်းခြင်း၊ မြဝတီ-မဲဆောက် ပြေးဆွဲနေသော မော်တော်ယာဉ်မောင်းနှင်သည့် မြန်မာနိုင်ငံသားများကို နည်းမျိုးစုံဖြင့် ဖမ်းဆီးငွေတောင်း ခြင်းတို့ ရှိနေသည်ဟု ဆိုသည်။
"လက်နက်ကိုင်တွေရဲ့ လုပ်ရပ်က အမျိုးသားစိတ်ဓာတ်ကို အခြေခံပြီး လုပ်တာဖြစ်လို့ အရေးယူဖို့ မရှိပါဘူး။ ဒါပေမယ့် တရားဝင် လက်မှတ်ရှိတဲ့လူကိုတော့ ထိုင်းရဲက ဖမ်းပါ့မလား။ ဘေးပေါက်(ခိုးပေါက်)တွေက သွားလို့၊ လတ်မှတ်ရှိပြီး အချိန်ကျော်အောင်နေလို့ ဖမ်းတာမျိုးတွေဖြစ်မှာပါ။ ဒီကိစ္စကို နှစ်နိုင်ငံနဲ့ နယ်ခြားကော်မတီကနေ ရှင်းကြဖို့ ပြည်နယ်အစိုးရက တာဝန်ပေးထားပါတယ် " ဟု ကရင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးချစ်လှိုင်က ပြောသည်။
လတ်တလော၌မူ နှစ်နိုင်ငံတာဝန်ရှိသူတို့၏ စက်တင်ဘာလ ၁၅ ရက် ဆွေးနွေးပွဲရလာဒ်ကို စောင့်ကြည့်ဦးမည် ဖြစ်သော်လည်း ထပ်မံဖြစ်ပွားလာပါက နယ်စပ်ဂိတ်ကို ပိတ်ရန် စီစဉ်မည်ဟု ကရင်ငြိမ်းချမ်းရေးကောင်စီဆက် ဆံရေးနှင့် လုံခြုံရေးတာဝန်ခံက ပြောသည်။