စက်တင်ဘာ ၁၅ သည် နိုင်ငံတကာ ဒီမိုကရေစီနေ့ဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း လွှတ်တော်က ဒီမိုကရေစီနေ့ အခမ်းအနားကို နှစ်စဉ်ကျင်းပလာချိန်တွင် မြန်မာလူငယ်များကလည်း မြန်မာ့ဒီမိုကရေစီအရေးတွင် ပါ၀င်လှုပ်ရှားခွင့်ကို တောင်းဆိုလိုက်သည်။ ဒီမိုကရေစီဖော်ဆောင်ရေးတွင် လူငယ်များပါ၀င်နိုင်ရန် အစိုးရ ကမူဝါဒတစ်ရပ် ပြဋ္ဌာန်းပေးရန် လိုအပ်နေသည်ဟု လူငယ်နှင့် လူမှုသဟဇာတဖြစ်ရေးစင်တာမှ ဒါရိုက်တာ ကိုသက်ဆွေဝင်းက မဇ္စျိမကို ပြောသည်။
ယခုနှစ် နိုင်ငံတကာဒီမိုကရေစီနေ့ဆောင်ပုဒ်မှာ “ဒီမိုကရေစီ ဖော်ဆောင်ရေး လူငယ်များ ဝိုင်းဝန်းဆောင် ရွက်ပေး En-gaging Youth on Democracy” ဖြစ်သည်။ လွှတ်တော်က ဒီမိုကရေစီနေ့အခမ်းအနားများ နှစ်စဉ်ကျင်းပနေသကဲ့သို့ အစိုးရကလည်း လူငယ့်ရေးရာဝန်ကြီးများထားရှိပြီး လူငယ်ရေးရာများကို ပါဝင်လုပ်ဆောင်လာသော်လည်း ဒီမိုကရေစီနှင့် လူငယ်အချိတ်အဆက်မှာ သဟဇာတမဖြစ်သေးဘဲ ဖိနှိပ်မှုများ ရှိနေဆဲ ဖြစ်သည်။
“ကျောင်းသားသမဂ္ဂ၊ လူငယ်သမဂ္ဂ၊ ကဏ္ဍပေါင်းစုံကနေ ဒီမိုကရေစီရေးကို အားကြိုးမာန်တက် ထမ်းပိုးနေချိန်မှာ ပိတ်ပင်တားဆီးမှုတွေက အပြည့်အဝရှိနေတာကြောင့် ကျွန်တော်တို့လက်ရှိသွားနေတဲ့ နိုင်ငံရေးက ဘယ်မှမရောက်ဘဲ ရပ်တန့်နေတယ်” ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်မှ ဗဟိုလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ကိုကျော်ကိုကို က သုံးသပ်သည်။
“ဒီမိုကရေစီကို စံတစ်ခုအနေနဲ့ လေးစားလိုက်နာဖို့လိုတယ်။ ဒီမိုကရေစီစံနှုန်းတွေနဲ့ ကျင့်ကြံအားထုတ်တဲ့ အစိုးရ တစ်ရပ်လိုတယ်” ဟု ၎င်းက ဖြည့်စွက်ပြောသည်။“ဒီမိုကရေစီရေးလှုပ်ရှားသူ လူငယ်များကို အစိုးရက ဖိနှိပ်ရုံသက်သက်မဟုတ်ဘဲ လူငယ်နှင့်ပတ်သက်သည့် မူဝါဒပါအစိုးရတွင် တိတိကျကျမရှိဟုလည်း လူ ငယ်ခေါင်းဆောင်များ မြင်နေကြသည်။
“ဒီမိုကရေစီမှာ လူငယ်တွေပါ၀င်နိုင်မှု တိကျတဲ့မူတော့မရှိဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် အစိုးရအနေနဲ့ မူဝါဒမရှိဘူး” ဟု ကိုသက်ဆွေဝင်းက ပြောသည်။လူငယ်နှင့်သက်ဆိုင်သည့် မူဝါဒတွင် ဒီမိုကရေစီတစ်ခု တည်းကိုဆိုလိုခြင်းမဟုတ်ဘဲ ကျန်းမာရေး၊ ပညာရေးစသည်တို့ ပါ၀င်သော လူငယ်မူဝါဒတစ်ရပ်မှာ ဥပဒေ ကဲ့သို့မရှိသေးကြောင်း ၎င်းကဆိုသည်။
“အစိုးရအနေနဲ့ လူငယ်ဝန်ကြီးတွေထားတာရှိတယ်။ သမ္မတတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်အရ လုပ်ထားတာ ရှိတယ်”ဟု ကိုသက်ဆွေဝင်းက ပြောသည်။ဒီမိုကရေစီဖော်ဆောင်ရေးတွင် လူငယ်များ၏ အခန်းကဏ္ဍ အရေးကြီးကြောင်းကို အစိုးရနှင့် လွှတ်တော်ကပီပီပြင်ပြင် သိမသိမှာ မသဲကွဲသော်လည်း ၎င်းတို့ကအ ရေးကြီးသည်ဟု ရှုမြင်ကြသည်။
“အစိုးရက ကျွန်တော်တို့ကိုအားပေးအားမြှောက်၊ ထောက်ခံမှုတွေပိုပြီးပေးလာမယ်ဆိုရင် ကျွန်တော်တို့အ ခုလုပ်နေတဲ့ မူဝါဒတွေကလည်း ဒီထက်ပိုခရီးရောက်ပြီး ထိရောက်မှုရှိမယ်လို့ ယုံကြည်ထားတယ်” ဟု မန္တလေးလူငယ် ကွန်ရက်ခေါင်းဆောင် ဒေါက်တာဝင်းလွင်ကို က ပြောသည်။
ဖိနှိပ်သည်ဖြစ်စေ၊ အားမပေးသည်ဖြစ်စေ မြန်မာ့မျက်မှောက်နိုင်ငံရေး လှုပ်ရှားမှုများတွင် လူငယ်များ၊ ကျောင်းသားများ အရှိန်အဟုန်ဖြင့် ပါဝင်လာနေပြီဖြစ်သည်။ ယခုနှစ် နိုင်ငံတကာဒီမိုကရေစီနေ့ ဆောင်ပုဒ်နှင့်လည်း ကိုက်ညီနေသည်။ “ကျွန်တော်တို့ နိုင်ငံမှာတော့ ဒီမိုကရေစီဖော််ဆောင်မှုမှာ အရင်ကထက်စာလို့ ရှိရင် လူငယ်တွေ ပါဝင်ပတ်သက်လာတယ်လို့တော့ ပြောလို့ရတယ်” ဟု တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုဒီငြိမ်းလင်းက ပြောသည်။
ဒီမိုကရေစီလှုပ်ရှားမှုများတွင် လူငယ်များပါ၀င်လာသည်မှာ ကောင်းသော်လည်း အနှစ်သာရသိပြီး ပါဝင်မှု ကိုအလိုရှိသူများကလည်း ရှိနေပြန်သည်။လူငယ်အများလှုပ်ရှား၍ လိုက်ပါလှုပ်ရှားခြင်းထက် ဒီမိုကရေစီ၏ သဘောသဘာဝကို ရိပ်စားမိပြီးမှ ပါ၀င်သင့်ကြောင်း ထောက်ပြပြောဆိုမှုများလည်း ရှိသည်။
“ဒီမိုကရေစီရဲ့အနှစ်သာရကို လူငယ်တွေသိရှိမှုက အရမ်းနည်းနေပြီလေ။ ကျွန်တော်တို့နိုင်ငံက လူတွေအ ကုန်လုံးက ပိတ်မှောင်နေတဲ့ အခန်းကနေထွက်လာတာ မကြာသေးတော့ အဲဒီအပေါ်ကျင့်သားမရ ဘူး” ဟု Gerenation Wave မှ ဒုတိယ ဥက္ကဋ္ဌ ကိုဘိုဘို က ထောက်ပြပြောဆိုသည်။