ကျင့်ဝတ် မလိုက်နာသည့် အင်ဂျင်နီယာများကို အရေးယူမည်

ကျင့်ဝတ် မလိုက်နာသည့် အင်ဂျင်နီယာများကို အရေးယူမည်
by -
မဇ္စျိမ

အင်ဂျင်နီယာကောင်စီ ဥပဒေအရ အဆောက်အအုံများ တာဝန်ယူဆောက်လုပ်ရသည့် အင်ဂျင်နီယာများ ကျင့်ဝတ် မလိုက်နာလျှင် အင်ဂျင်နီယာကောင်စီမှ ထိထိရောက်ရောက် အရေးယူမည်ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောကြားလိုက်သည်။

အင်ဂျင်နီယာကောင်စီ ဥပဒေထွက်ရှိပြီး နည်းဥပဒေ မထွက်ရှိသေးသော်လည်း အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်၍ အရေးယူသွားမည်ဟု ၎င်းကဆိုသည်။

“အင်ဂျင်နီယာကောင်စီကနေ နောက်ပိုင်းကျရင် ကျင့်ဝတ်နဲ့မညီတဲ့ အင်ဂျင်နီယာတွေကို အရေးယူသွားဖို့ ရှိတယ်။ ဥပမာ-တိုက်တစ်လုံးပြိုကျရင် ဘာကြောင့်ပြိုတာလဲဆိုတာ စစ်ဆေးမယ်။ ဒါကဘယ် သူ့မှာတာဝန်ရှိလဲ။ ပစ္စည်းတွေ လျှော့ဆောက်လို့လား။ အင်ဂျင်နီယာတွက်ချက်မှု မှားတာလား။ ဒီအပေါ်မှာမူတည်ပြီးတော့ အင်ဂျင်နီယာကျင့်ဝတ် မလိုက်နာတဲ့သူတိုင်း အရေးယူသွားမယ်” ဟု ၎င်းက ပြောသည်။

မည်ကဲ့သို့ အရေးယူဆောင်ရွက်သွားမည်ကိုမူ အင်ဂျင်နီယာကောင်စီကချမှတ် သွားမည်ဖြစ်သည်။ အင်ဂျင်နီယာကောင်စီမှ အင်ဂျင်နီယာကောင်စီဥပဒေဖြင့် အရေးယူမှုများပြုလုပ်နိုင်ရန် ညွှန်ကြားချက်များ ပြုလုပ်နေကြောင်း၊ အဆိုပါညွှန်ကြားချက်များ ပြီးသည်နှင့် အင်ဂျင်နီယာများကိုအရည် အချင်းစိစစ်ပြီး အရေးယူသွားမည်ဖြစ်ကြောင်း၊ အင်ဂျင်နီယာကောင်စီနှင့် ပတ်သက်သည့် နည်းဥပဒေကိုလည်း အမြန်ဆုံး ထွက်ပေါ်လာရန်လည်း ပညာရှင်များမှ တိုက်တွန်းထားသည်ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် အရည်အသွေး ပြည့်မီသည့် ဆောက်လုပ်ရေးအင်ဂျင်နီယာများမှာ ၁၈၀ ဦးသာ ရှိသေးသည့်အတွက် အရည်အချင်းပြည့်ဝသည့် အင်ဂျင်နီယာများ များစွာလိုအပ်နေသေးကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့်နှစ်များအတွင်း အဆောက်အအုံလုပ်ငန်းများမှ ဂျီဒီပီ ၃ ဒသမ ၅ ဘီလီယံရရှိခဲ့ပြီး မြန်မာနိုင်ငံ ဂျီဒီပီ အတိုးတက်ဆုံး ကဏ္ဍလည်းဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၁၆ ခုနှစ် တွင် ဂျီဒီပီ ၄ ဒသမ ၂ ဘီလီယံ အထိ တိုးတက်နိုင်ရန် မျှော်မှန်းထားသည်ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ မျှော်မှန်းထားသည်။

မြန်မာနိုင်ငံ အင်ဂျင်နီယာကျောင်းသားများ အသင်းမှ ဥက္ကဋ္ဌ ဦးငြိမ်းအောင်က “အဆောက်အအုံဆောက်မယ့် ကုမ္ပဏီတွေက အဆင့်မမီရင် နောက်လာမယ့် AEC အတွက် အခွင့်အရေး မရနိုင်တော့ဘူး။ ဒါ့ကြောင့် အခုကတည်းက နည်းပညာမြင့်ပြီး အရည်အသွေးကောင်းတဲ့ အင်ဂျင်နီယာ တွေ အများကြီးမွေး ထုတ်ပေးဖို့လိုလာပြီ။ ဒါမှလည်း အဆောက်အအုံ အရည်အသွေးက ကောင်းနိုင်မှာ” ဟု ပြောသည်။

အစိုးရသစ်လက်ထက်တွင် ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့သည် ဘဏ္ဍာငွေ အများဆုံးရထားသော်လည်း လိုအပ်ချက်များ ပြည့်စုံသွားသည့်အတွက် ဘတ်ဂျက်များ ထပ်မံမချပေး သည့်အချိန်တွင် အဆောက်အအုံများ ပြိုကျသွားသည့်အဖြစ်မျိုး ဖြစ်လာနိုင်သည်ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က စက်တင်ဘာ ၁၀ ရက်က အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။