အခြေခံပညာကဏ္ဍ၏ ကူးပြောင်းရေးလုပ်ငန်းစဉ်များကို အမျိုးသားပညာရေးဥပဒေကြမ်းကို ဥပဒေအဖြစ် မပြဋ္ဌာန်းမီတည်ရှိသော ကျောင်းအားလုံးသည် ဥပဒေအာဏာတည်သည့်နေ့မှစ၍ ငါးနှစ်အတွင်းဆောင် ရွက်ပြီးဖြစ်ရမည်အစား ၁၃ နှစ်ခန့် ကြာမည်ဟု သမ္မတဦးသိန်းစိန်ကမှတ်ချက်ဖြင့် လွှတ်တော်သို့ ပြန် လည်ပေးပို့ခဲ့သည်။
အမျိုးသားပညာရေး ဥပဒေကြမ်းအခန်း ၁၃ ကူးပြောင်းရေးကာလပြဋ္ဌာန်းချက်များတွင် ပြည်ထောင်စု လွှတ်တော်က ငါးနှစ်အတွင်း ကူးပြောင်းရေးဆောင်ရွက်မည်ဆိုသည်ကို “ကူးပြောင်းရေး လုပ်ငန်းစဉ်များကို အ ခြေခံပညာကဏ္ဍတွင် ဥပဒေကြမ်း၏ အပိုဒ် ၁၆၊ အပိုဒ်ခွဲ(က)ပါ ဖော်ပြချက်အရ ငါးနှစ်အတွင်း ပြီးပြည့်စုံ သည်အထိ ဖော်ဆောင်နိုင်မည်ဟု မဟုတ်ဟု ပေးပို့ခဲ့သည်။
သုံးခွမြို့နယ်၊ အင်န်အယ်လ်ဒီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်က သမ္မတမှတ်ချက်အတိုင်း သာဆောင်ရွက်ပါက အချိန်ကာလများစွာ ကြာမြင့်မည်ဖြစ်ပြီး အများမျှော်လင့်သည့် အပြောင်းအလဲကြန့် ကြာမည်ကို စိုးရိမ်ကြောင်း ပြောသည်။
ရန်ကုန်တက္ကသိုလ်တွင် ကထိကအဖြစ် ၁၃ နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါ်စုစုလွင်က “ငါးနှစ်ဆို တာသင့်တော်တဲ့ကာလလို့ ယူဆပါတယ်။ ငါးနှစ်ကျော်သွားပါက အာမခံချက်မရှိသလိုဖြစ်မှာ စိုးရိမ်တယ်” ဟု ပြောသည်။
၎င်းက“သင်ရိုးပြောင်းတာတို့၊ အဆင့်မြင့်ပညာနဲ့ ပတ်သက်တာတို့ရှိရင် စီမံခန့်ခွဲရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ၊ သင်ကြားရေး ကိစ္စတွေမှာ အမြန်ဆုံးသုံးနိုင်အောင် လုပ်ဆောင်ချက်တွေလုပ်ဖို့ အချိန်တန်နေပြီလို့ယူ ဆပါတယ်” ဟု ပြောသည်။
ထို့ပြင် ယေဘုယျအားဖြင့် အခြေခံပညာကဏ္ဍ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်သည် ၂၀၁၄ ခုနှစ်တွင်စ တင်နိုင်ပါက ၂၀၁၇ ခုနှစ်တွင်မှပြီးဆုံးမည်ဖြစ်သောကြောင့်ဖြစ်ပါသည် ဟု ဆက်လက်ဖော်ပြထားသည်။
သမ္မတ၏ မှတ်ချက်တွင် ဥပဒေကြမ်း၏ အခန်း ၁၃ ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်များခေါင်းစီးနှင့် ယင်း အောက်ရှိ ပုဒ်မ ၆၆ ကို ပယ်ဖျက်သင့်သည်ဟု ဖော်ပြထားသော်လည်း ဥပဒေကြမ်းကော်မတီကမူ အခန်း ၁၃ ခေါင်းစီးနှင့် ပုဒ်မ ၆၆ တို့ကို ပယ်ဖျက်ရန် မသင့်၍ ဆက်လက်ပြဋ္ဌာန်းသင့်သည်ဟု ဆိုသည်။
ပြည်ထောင်စုလွှတ်တော် နာယက က သမ္မတ၏မှတ်ချက်ကိုလေ့လာစိစစ်၍ လွှတ်တော်သို့ တင်ပြနိုင်ရန် ဥပဒေကြမ်း ပူးပေါင်းကော်မတီသို့ သြဂုတ်လ ၁၃ ရက်ပေးပို့ခဲ့ရာ ကော်မတီက သြဂုတ်လ နှောင်းပိုင်းနှင့် စက်တင်ဘာလအစောပိုင်းက နှစ်ကြိမ်စိစစ်ခဲ့သည်။