ပြန်ကြားရေးကန့်သတ်သည့် သတင်းယူခွင့် လွှတ်တော်ရုံးမသိ

ပြန်ကြားရေးကန့်သတ်သည့် သတင်းယူခွင့် လွှတ်တော်ရုံးမသိ
by -
မဇ္စျိမ

လွှတ်တော်အစည်းအဝေးများ၌ မီဒီယာများ သတင်းရယူသည့်အခါ အစည်းအဝေးခန်းမအပြင်ဘက် ကြံုရာ ကျရာနေရာများတွင် အမတ်တို့အား အဆင်ပြေသလို အင်တာဗျူးခြင်း၊ ရုပ်သံရိုက်ကူးခြင်းတို့ကို တားမြစ်သည့် အမိန့်စာကို ပြန်ကြား ရေးဝန်ကြီးဌာနက ၁၁ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးမစမီ ခုနစ်ရက် ကြိုတင် ပြီး စက်တင်ဘာ ၃ ရက်တွင် ထုတ်ပြန် ခဲ့သည်။

ပြန်ကြားရေးဝန်ကြီးကိုယ်စား ရုံးအဖွဲ့မှူး ဦးမြင့်ထွေး၏ လက်မှတ်ဖြင့် စက်တင်ဘာ ၃ ရက်က ထုတ်ပြန်ခဲ့ သည့် အမိန့်စာတွင် အပိုဒ်သုံးပိုဒ်ပါရှိရာ ပထမအပိုဒ်၌ လွှတ်တော်သတင်းယူမည့် မီဒီယာအားလုံး လုံခြုံရေးကိစ္စများ အလေးထားဆောင်ရွက်ရန်၊ လုံခြုံရေးတာဝန်ရှိသူများ၏ စစ်ဆေးမှုကို ကြည်ဖြူစွာလက်ခံပြီး ပူးပေါင်းဆောင် ရွက်ရန်ဟု ဖော်ပြထားသည်။

U-Htaty-Oo

ဒုတိယအပိုဒ်တွင် သတင်းနှင့်စာနယ်ဇင်းမှ ပြင်ပမီဒီယာများ လွှတ်တော်သတင်းယူရာတွင် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရန်ဟု ပါရှိ ပြီး နောက်ဆုံးပိုဒ်၌ လွှတ် တော်ကိုယ်စားလှယ်များအား အင်တာဗျူးရာတွင် ကြံု သည့်နေရာတွင် အဆင်ပြေသလို အင်တာဗျူးနေ သည့်အစား အင်တာဗျူးရိုက်ကူးမည့် နေရာတစ်ခုကို လွှတ်တော်က သီးခြားဆောင်ရွက်ပေးရန် အစီအစဉ် ရှိသည့်အတွက် ၎င်းနေရာသို့မဟုတ်အခန်းတွင်သာ အင်တာဗျူးရန်ဟု ဖော်ပြထားသည်။

ယနေ့ ၁၁ ကြိမ်မြောက် လွှတ်တော်အစည်းအဝေး ပထမနေ့သို့ သတင်းယူမည့် မီဒီယာတို့အား ပြန်ကြား ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက လွှတ်တော်ဂိတ် (၁) တွင် “ဒီနေ့ကစပြီး အမတ်တွေကိ အင်တာဗျူးတဲ့ အခါ ကြံုရာအဆင်ပြေရာနေရာတွေမှာ အင်တာဗျူးမလုပ်နဲ့၊ လွှတ်တော်က စီစဉ်ပေးမယ့် အခန်း တစ်ခန်းခန်းမှာပဲ အင်တာဗျူးကြပါ” ဟု ပြောခဲ့သည်။

သတင်းရယူရေးပုံစံအသစ်ကို လွှတ်တော်ရုံးက မည်သည့်အကြောင်းကြောင့် ပြောင်းလဲရကြောင်း သိလိုသဖြင့် ပြည်သူ့ လွှတ်တော်သို့အရောက်တွင် ပြည်သူ့လွှတ်တော် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင် ဦးအား မဇ္ဈိမက မေးသည့်အခါ “အဲဒီအစီအစဉ် မရှိသေးပါဘူး။ လွှတ်တော်နာယက လမ်းကြောင်း၊ ဥက္ကဋ္ဌ လမ်းကြောင်းတွေနဲ ့အစည်းအဝေးခန်းမထဲ မဟုတ်ရင်ရပါတယ်။ အရင်လိုပဲ အဆင်ပြေတဲ့နေရာတွေမှာ ဗျူးနိုင်ပါတယ်။ တကယ်လို့ ပြန် ကြားရေးကပြောသလို အဲဒီ အခန်းစီစဉ် ပြီးတဲ့အခါ ကျွန်တော်တို ့ပြောပါ့မယ်” ဟု ဖြေကြားခဲ့သည်။

ထိုအချက်ကို လွှတ်တော်ရုံးက သိရှိမထားခြင်းတို့မှာ မဖြစ်သင့်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာသုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“မီဒီယာက သတင်းယူတဲ့အခါလွှတ်တော်နဲ့ပဲ တိုက်ရိုက်ထိတွေ ့ရတာ။ အခုလို လွှတ်တော်ဘက်က ဘာမှ စီစဉ်ထားတာမရှိသေးဘဲနဲ့ အစိုးရအဖွဲ့ဘက်ကကြိုပြီး စာထုတ်လိုက်တာဟာ source ချင်းလည်းမတူ၊ လုပ် ငန်းချင်းလည်းမတူဘဲ လွှတ်တော်ရဲ့ အလုပ်တွေမှာဝင်ပြီး ကျော်လွန်စွက်ဖက်တဲ့သဘောပဲ။ ဒါမျိုးက မဖြစ် သင့်ဘူး”ဟု အမည်မဖော်လိုသူ ကော်မရှင်အဖွဲ့ဝင်က ယနေ့ ပြည်သူ့လွှတ်တော် ၁၁ ကြိမ်မြောက်အစည်းအဝးနေ့လယ်ပိုင်း တွင် ပြောခြင်းဖြစ်သည်။

အဆိုပါ ပြန်ကြားရေးဝန်ကြီး၏စာတွင် သတင်းနှင့်စာနယ်ဇင်းက ပြင်ပမီဒီယာများ လွှတ်တော်သတင်းရ ယူရေးတွင် ကူညီရန်ဟုပါ၀င်သော်လည်း မီဒီယာနှင့်လွှတ်တော်အကြားအဖုအထစ် ဖြစ်လာစေနိုင်သည့် လုံခြုံရေးကိစ္စအပါအဝင် နေရာကန့်သတ်ချက်များဖြင့် သပ်လျှိုလိုက်သလိုဖြစ်နေသည်ဟု ပြင်ပမီဒီယာတို ့ ကသုံးသပ်ကြသည်။

ထို့ပြင် ဤသို ့အခန်းတစ်ခန်းတည်းတွင် တစ်စုတစ်ဝေးတည်းအင်တာဗျူးလုပ်ရပါက သတင်းသမားများအကြား မိမိအိုင်ဒီယာဖြင့် မိမိရွေးချယ်သောသတင်း source မှ အခြားပြိုင်ဘက်သတင်းစာများမရနိုင်သည့် scoop  သတင်းများ ပေါ်ထွက်လာတော့မည်မဟုတ်ဘဲ မည်သည့်မီဒီယာက ဗျူးဗျုး အဆိုပါအခန်းတွင်းရှိ ကျန်မီဒီယာအားလုံးကို ပါမျှဝေပေးလိုက်သလိုဖြစ်မည်ကို မည်သည့်မီဒီယာကမှ လက်မခံနိုင်ဟု လည်း ပြော ဆိုလျက်ရှိသည်။

Most read this week