Bi မွန်းတည့်ဂျာနယ်အမှုတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)/ ၃၄ ဖြင့် စက်တင်ဘာ ၁၁ ရက်က ပန်းဘဲတန်းမြို့နယ်တရားရုံးက စွဲချက်တင်လိုက်ပြီဟု အကျိုးတော်ဆောင် ရှေ့နေဦးကျော်ဝင်းက မဇ္စျိမကို ပြောသည်။
“မီဒီယာဥပဒေနဲ့ ပြောင်းလဲဆွဲဆိုဖို့ကို ရုံးကခွင့်မပြုပါဘူး။ ဆရာတို့ကတော့ တရားခံဘက်ကနေ အပြစ်မရှိ ဘူးဆိုတာကို သက်သေပြရမှာပေါ့။ အခု ပုဒ်မ ၅၀၅(ခ)နဲ့ ပတ်သတ်ပြီး အပြစ်မရှိဘူး ဆိုတာကိုပဲ ပြောရမှာပေါ့ ”ဟု ၎င်းက ပြောသည်။
သတင်းမီဒီယာသမားများကို အာမခံယူရန် ကိစ္စနှင့်ပတ်သတ်၍ ပန်းဘဲတန်းမြို့နယ်တရား ရုံးက ပယ်ချပြီးဖြစ်သည့်အတွက် ထပ်မံလျှောက်ထားရန် မသင့်တော်သေးဟု ၎င်းက ဆက်လက်ပြောကြားသည်။
စက်တင်ဘာ ၁၁ရက်က ထိုတရားရုံးတွင် တရားလိုပြသက်သေအဖြစ် ရဲအုပ်ညီညီသန်း၊ ရဲအုပ်တင်ထွန်းနှင့် Bi မွန်းတည့်နေ သတင်းထောက်ချုပ် ကိုသိန်းမင်းအောင်တို့ကို စစ်ဆေးခဲ့သည်။ လက်ရှိအချိန်တွင် Bi မွန်းတည့်နေဂျာနယ်မှ သတင်းမီဒီယာသမား ငါးဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)/၃၄ ဖြင့် စွဲဆိုထားဆဲဖြစ်သည်။
တာဝန်ခံအယ်ဒီတာ ကိုအောင်သန့်၏ ဖခင်ဦးထင်ကျော်က “ပုဒ်မပြောင်းလဲဖို့ အဆင်ပြေတာ မပြေတာတော့ မသိသေးပါဘူး။ တရားသူကြီးကတော့ ၅၀၅(ခ)နဲ့ပဲ ဆွဲချက်တင်တယ်လို့ ပြောတာကိုး။ ပြစ်ဒဏ်ချတဲ့အခါမှာ မီဒီယာဥပဒေနဲ့ပဲချဖို့ မျှော်လင့်တာပေါ့လေ” ဟု ပြောသည်။
ပန်းဘဲတန်းမြို့နယ် တရားရုံးက သြဂုတ်လ ၄ ရက်တွင် Biမွန်းတည့်နေဂျာနယ်မှ တာဝန်ခံ အယ်ဒီတာ ကိုရဲမင်းအောင်ကို တရားရှင်လွတ်ခဲ့ပြီး ဂျာနယ်မှ ကျန်ငါးဦးကို အများပြည်သူ အထိတ်တလန့်ဖြစ်စေမှု၊ နိုင်ငံတော်လုံခြံုရေးနှင့် ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်စေရန် ကြံရွယ်မှုအရေး အပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅(ဃ)/ (ည) မှ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ)/၃၄ ပုဒ်မဖြင့် ပြောင်းလဲစွဲဆိုခဲ့သည်။
ဇူလိုင်လ ရ ရက်ထုတ် Bi မွန်းတည့်နေ အပတ်စဉ်ဂျာနယ် အတွဲ (၁) အမှတ် (၂၉) တွင် ဒေါ်အောင်န်းစုကြည်နှင့် တိုင်းရင်းသား ဒီမိုကရေစီအင်အားစုများအား ကြားဖြတ်အစိုးအရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း MDCF "(ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစု) က ထုတ်ပြန်’’ ခေါင်းစဉ်ဖြင့် သတင်းရေးသား ဖော်ပြခဲ့သောကြောင့် အမှတ်(၂) သတင်းတပ်ဖွဲ့ခွဲ ဒုရဲမှူးသိန်းထွန်းက တရားလိုပြု၍ အမှု ဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။