ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဖျက်ဆီးပြီးသော ဘိန်းစိုက်ခင်းများကို ပြန်လည်စိုက်ရန် ပြင်ဆင်နေသော် လည်း ဥပဒေအရအရေးယူရန်မရှိသေးဟု ရှမ်း(တောင်)မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု ၂၅ မှ ဒု- ရဲမှူးအောင်စိုးကြိုင်က မဇ္ဈိမကိုပြောသည်။
ရှမ်းတောင်ပိုင်းရှိ ဘိန်းခင်းဧက ၃၀,၀၀၀ ကို ဘိန်းစိုက်ရာသီများဖြစ်သည့် စက်တင်ဘာမှ ဒီဇင်ဘာလအထိ ဘိန်းခင်းဖျက်ဆီးသည့်ကာလအဖြစ် သတ်မှတ်ကာ နယ်မြေခံရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးတားဆီးတိုက် ဖျက်ရေးတပ်ဖွဲ့များက ဖျက်ဆီးခဲ့ပြီး ယခုနှစ်တွင် ပြန်လည်စိုက်ပျိုးရန် ပြင်ဆင်နေသော်လည်း ဥပဒေအရ အရေးယူရန် မရှိသေးဟုဆိုခြင်းဖြစ်သည်။
လက်ရှိတွင် ယင်းကဲ့သို့ စိုက်ပျိုးရန် ပြင်ဆင်နေသည့် စာရင်းများကို ကောက်ယူနေသည်ဟုလည်း ဒု-ရဲမှူး အောင်စိုးကြိုင်က ဆိုသည်။“ဖျက်ဆီးထားတဲ့ ဘိန်းစိုက်ခင်းတွေ ပြန်စိုက်ဖို့ ပြုပြင်ထားတာရှိ၊ မရှိကို စာရင်း ကောက်ယူနေတာပါ။ ဥပဒေအရတော့ စိုက်ပျိုးထုတ်လုပ်မယ်ဆိုရင် အရေးယူလို့ရပါတယ်။ အခုကဘိန်း စိုက်ပျိုးသူက သိန်းဂဏန်းကျော်ရှိတော့ ဖမ်းဆီးအရေးယူလို့မရပြန်ဘူး”ဟု ပြောသည်။
ဖျက်ဆီးခဲ့သည့် ဘိန်းစိုက်ခင်းများပြန်လည်စိုက်ပျိုးရန် ပြင်ဆင်နေသည့် စာရင်းများကို စက်တင်ဘာ ဒုတိ ယပတ်အတွင်းက စတင်ကောက်ယူမည်ဖြစ်ကာ ပြည်နယ်မူးယစ်ဆေးဝါးတားဆီး တိုက်ဖျက်ရေးအဖွဲ့ထံ တင်ပြမည်ဖြစ်သည်။
ဘိန်းစိုက်ပျိုးမှုများတွင် စားဝတ်နေရေးအတွက် ဘိန်းစိုက်ပျိုးမှုသည် ၆၀ ရာခိုင်နှုန်း၊ ငွေကြေးရလိုမှုအတွက် ဘိန်းစိုက်ပျိုးမှုသည် ၃၅ ရာခိုင်နှုန်းခန့် ရှိနေသည်ဟု ၎င်းတို့ကောက်ယူထားသောစာရင်းများအရ ဒု-ရဲမှူး အောင်စိုးကြိုင်က ပြောသည်။
ရှမ်းတောင်ပိုင်းတွင် ဘိန်းစိုက်ပျိုးသူများအတွက် အလုပ်အကိုင်များပြောင်းလဲပေးရန်နှင့်ဘိန်းအစားထိုး သီးနှံများ ပြောင်းလဲစိုက်ပျိုးရန် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ရာဇဝတ်မှု တိုက်ဖျက်ရေးရုံး (UNODC) မှ ထောက်ပ့ံကူညီပေးလျက်နေသည်။
ယင်းသို့ ကူညီပေးရာတွင် ရှမ်းပြည်တောင်ပိုင်းဟိုပုံး၊ လွိုင်လင်မြို့နယ် နှစ်မြို့နယ်တွင် ဘိန်းအစားထိုး သီးနှံများဖြစ်သည့် အာလူး၊ ပြောင်း၊ ကြက်၊ ၀က်၊ ငါး မွေးမြူရေးလုပ်ငန်းများ ပြောင်းလဲလုပ်ကိုင်ရန် ငွေအရင်းအနှီးများကူညီပေးခြင်း ဖြစ်သည်။
ယင်းအပြင် ၂၀၁၄ ခုနှစ်မှ စတင်ပြီး ၂၀၁၉ ခုနှစ်အထိ မိုးနဲနှင့် မိုင်းပန်မြို့နယ် နှစ်မြို့နယ်ကိုလည်း ထပ်မံ တိုးချဲ့ထောက်ပံ့ကူညီပေးမည်ဖြစ်သည်။ပြီးခဲ့သည့် ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ဟိုပုံး၊ ဖယ်ခုံ၊ ကလော၊ ညောင်ရွှေ၊ ကျောက်တလုံးနှင့် ဆီဆိုင်မြို့နယ်များရှိ ဘိန်းစိုက်ခင်း ၂၄,၂၁၈ ဧက အပါအဝင် ရှမ်းပြည်နယ် အတွင်းရှိ ဘိန်းစိုက်ခင်းဧက ၂၉,၄၁၈ ကို ဖျက်ဆီးနိုင်ခဲ့သည်ဟုလည်း ရှမ်း(တောင်) မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးတပ်ဖွဲ့၏စာရင်းများတွင် ဖော်ပြထားသည်။