ကန်ဒေါ်လာသန်း ၁၆ဝ ကုန်ကျမည့် လေအားလျှပ်စစ် မာန်အောင်မြို့တွင် တည်ဆောက်မည်

ကန်ဒေါ်လာသန်း ၁၆ဝ ကုန်ကျမည့် လေအားလျှပ်စစ် မာန်အောင်မြို့တွင် တည်ဆောက်မည်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့အား လေအားလျှပ်စစ်ဖြင့် လျှပ်စစ်မီးပေးနိုင်ရန် တိုင်းတာမှုများစတင်ပြု လုပ်နေပြီဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်းကို ဂျာမနီနိုင်ငံမှ အဖွဲ့တစ်ခုက ကနဦး ဘတ်ဂျက်ငွေ ကန်ဒေါ်လာသန်း ၁၆ဝ ဖြင့် အကုန်အကျခံ တည်ဆောက် သွားမည်ဟု သိရသည်။

ယင်းသို့ဆောင်ရွက်နိုင်ရန် အဆိုပါအဖွဲ့သည် မာန်အောင်မြို့ထံ မကြာသေးမီက သွားရောက် တိုင်းတာမှုများ ပြုလုပ်ခဲ့ကြောင်း ရခိုင််ပြည်နယ်အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေးဆပ်ကော်မတီဥက္ကဋ္ဌ ဦးလှသိန်းက စက်တင်ဘာလ ၁ဝ ရက်၊ နံနက်ပိုင်းက အတည်ပြုပြောသည်။

“သူတို့အဖွဲ့ မကြာသေးခင်ကပဲ မာန်အောင်ကို တစ်ခေါက်သွားပြီး တိုင်းတာမူတွေ ပြုလုပ်ခဲ့ကြတယ်။ အခု တိုင်းတာမူ ပြီးလို့ ပြန်သွားကြပြီ”ဟု ယင်းက ဆိုသည်။

အစိုးရက လက်ရှိဆောင်ရွက်နေသည့်  မဟာဓာတ်အားလိုင်းမှတဆင့် ရခိုင်ပြည်နယ်မြို့နယ်တိုင်း လျှပ်စစ်မီး ရရှိရေးဆောင်ရွက်ရာတွင် မာန်အောင်မြို့သည် ရခိုင်ပြည်နယ်အတွင်းရှိ အခြားမြို့နယ်များနှင့် မတူဘဲ ရေပတ်လည် ဝန်းရံထားသော ကျွန်းမြို့တစ်မြို့ဖြစ်သည့်အတွက် ယင်းမြို့အနေဖြင့် မဟာဓာတ်အား လိုင်းမှတဆင့် လျှပ်စစ်မီးသုံးစွဲခွင့်ရရှိရန် များစွာအခက်အခဲရှိနေသည်ဟု ဆိုသည်။

“ဒီမြို့ကို မဟာဓာတ်အားလိုင်းကတဆင့် လျှပ်စစ်မီးရရှိဖို့ ပင်လယ်အောက်က မီးကြိုးသွယ်မယ်ဆိုိလည်း မရဘူး။ အပေါ်က ဓာတ်တိုင်တွေထောင်ပြီး သွယ်မယ်ဆိုလည်း အဆင်မပြေဘူး။ ဒါကြောင်း ဒီစီမံကိ်န်းကို ပြုလုပ်ဖို့ စီစဉ်ရတာပါ” ဟု ဦးလှသိန်းက ဆိုသည်။

manung-1

မာန်အောင်မြို့အား ယခုကဲ့သို့လေအားလျှပ်စစ်စနစ်ဖြင့် လျှပ်စစ်မီးပေးနိုင်ရန် အတွက် ယခုလ ၃ ရက်နေ့ က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ရှိ လေအားလျှပ်စစ်ထုတ်လုပ်သည့် လေရဟတ်များ ရှိသော Wind Park (Energy Sufficient Feldheim Village)သို့သွားရောက်လေ့လာခဲ့သည်ဟု သိရသည်။

Wind Park ရှိ Energy Sufficient Feldheim Village မှ တာဝန်ရှိသူများနှင့် နိုင်ငံတော် သမ္မတတို့ တွေ့ဆုံ ဆွေးနွေးခဲ့မူများ ရှိခဲ့ကြောင်း ရခိုင် ပြည်နယ်အစိုးရအဖွဲ့က အတည်ပြု ပြောဆိုသည်။

မာန်အောင်မြို့သည် ကျောက်ဖြူမှ ထွက်ရှိသည့် ဂတ်စ်များဖြင့်လည်း လျှပ်စစ်မီီးရရှိနိုင်ခြင်းမရှိသလို မဟာဓာတ်အားလိုင်းမှသွယ်တန်းမည့်ဓာတ်အားများဖြင့်လည်း လျှပ်စစ်မီးရရှိနိုင်ခြင်းမရှိသည့်အတွက် မာန်အောင်မြို့မီးလင်းရေးအတွက် လေအားလျှပ်စစ်ဖြင့်သာအကောင်အထည်ဖော်ဆောင်ရွက်ပေးရန် နိုင်ငံတော် အစိုးရ ထံ ဒေသခံများက လွှတ်တော်များမှတဆင့် တင်ပြတောင်းဆိုထားပြီးဖြစ်ကြောင်း မာန်အောင်မြို့ခံများက ဆိုသည်။

“ကျွန်တော်တို့မြို့ကို လေအားလျှပ်စစ်နဲ့ပေးဖို့ အခုလိုမျိုး လာရောက်တိုင်းတာမှုတွေလုပ်တာတော့ ကျွန်တော်တို့မသိရသေးဘူး။ ဒီလိုပေးလာနိုင်ရင်တော့ ကျွန်တော်တို့မာန်အောင်ကျွန်းအတွက် အင်မတန် ကောင်းတဲ့ အချက်ပါပဲ”ဟု မာန်အောင်မြို့နယ် ရခိုင်အမျိုးသားပါတီ၏ဗဟိုကော်မတီဝင် ဦးတင်ရွှေက ပြောသည်။

လက်ရှိတွင် မာန်အောင်မြို့၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် မြို့မီးလင်းရေးကော်မတီတို့ပူးပေါင်းပြီး ညနေ ၆ နာရီခွဲမှ ည ၁၁ နာရီအထိတစ်ကြိမ်၊ နံနက် ၅ နာရီ ၄၅ မိနစ်မှ ၆ နာရီ ၁၅ မိနစ်အထိတစ်ကြိမ်- တစ်နေ့လျှင် လျှပ်စစ်မီး စုစုပေါင်းနှစ်ကြိမ်ပေးလျက်ရှိပြီး ပထမ ယူနစ် ၂ဝ သုံးစွဲခအတွက် တစ်ယူနစ်လျှင် ၃၅ ကျပ်ပေးရပြီး ယင်းထက်ပိုမိုသုံးစွဲပါက တစ်ယူနစ်လျှင် ကျပ် ၄ဝဝ ပေးနေရကြောင်း မာန်အောင်မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

မာန်အောင်မြို့အား ယခုကဲ့သို့လေအားလျှပ်စစ်ဖြင့် လျှပ်စစ်မီးပေးမည့်စီမံချက်ကို မည်သည့် အချိန်တွင်စတင် ဆောင်ရွက်သွားမည်ဆိုသည်ကို ရခိုင်ပြည်နယ်အစိုးရက ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိသေးပေ။

Most read this week