ငါးများ ဘက်ထရီရှော့(ခ်)တိုက်ဖမ်းဆီးသူများ ဥပဒေနည်းအတိုင်း အရေးယူဆောင်ရွက်ရန် လွှတ်တော်တွင် စတင်ဆွေးနွေး

ငါးများ ဘက်ထရီရှော့(ခ်)တိုက်ဖမ်းဆီးသူများ ဥပဒေနည်းအတိုင်း အရေးယူဆောင်ရွက်ရန် လွှတ်တော်တွင် စတင်ဆွေးနွေး
by -
ကန္တာရဝတီတိုင်း(မ်)

သဘာဝငါးမျိုးစိတ်များကို ဘက်ထရီရှော့(ခ်)တိုက်ခြင်း၊ မိုင်းခွဲခြင်းနည်းဖြင့် ဖမ်းဆီးသူများကို ဥပဒေနည်းဖြင့် အရေးယူဆောင်ရွက်နိုင်ရန်အတွက် ဥပဒေပြဌါန်းထားမည်ဖြစ်သည်ဟု စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးပိုးရယ်ရန်အောင်က ပြောသည်။

ကယားပြည်နယ်တွင််လည်း ဥပဒေများ တိတိကျကျပြဌာန်းထားခြင်း မရှိသေးသောကြာင့် စည်းကမ်းမရှိ ဖမ်းဆီးခြင်းသည် ရေသတ္တဝါများ အသက်ဆုံးရှုံးကြရသည် သာမက သဘာဝငါးများပျက်စီးခြင်းနှင့် ငါးဥများ ပျက်စီးခြင်းအပြင် ၎င်းငါးများကို စားသုံးသောအခါ အဟာရဓာတ်မပြည့်ဝတော့ခြင်း စသည်တို့ ဖြစ်ပေါ်စေသည်ဆိုသည်။

7lake

“မပျက်စီးသင့်တဲ့ ငါးသားပေါက်တွေရယ် အခြားရေသတ္တဝါတွေ ပျက်စီးသွားမယ်” ဟု ပြောသည်။

ထို့ကြောင့် စက်တင်ဘာလ ၅ရက်နေ့တွင်ကျင်းပသည့် အဋ္ဌမအကြိမ်ကယားပြည်နယ် လွတ်တော် စည်းအဝေးတွင် ဝန်ကြီးဦးပိုးရယ်ရန်အောင်က လွတ်တော်တွင် ဥပဒေကြမ်း ရေချိုငါးလုပ်ငန်းဥပဒေကြမ်းကို အဆိုတင်သွင်းခဲ့ပြီးဖြစ်သည်။

ငါးမွေးမြူရေးလုပ်ငန်းပြုလုပ်သူများလည်း စနစ်တကျမွေးမြူစေရန်နှင့် ဖမ်းဆီးသူများလည်း စနစ်တကျဖမ်း ဆီးရန် လိုက်နာဆောင်ရွက်ရန် လိုအပ်သည်ဟု ဝန်ကြီးက ပြောသည်။

“ငါးမွေးမြူရေးကတော့ မွေးတဲ့သူတွေလဲ စနစ်တကျစည်းကမ်းနဲ့ ခိုင်ခိုင်မာမာ အာမခံချက်ရှိအောင် မွေးနိုင်အောင် ဒီမွေးမြူရေးငါးကြောင့် သဘာဝဖြစ်တဲ့ ငါးတွေ၊ ချောင်းတွေ၊ အင်းအိုင်တွေမပျက်စီးအောင်ပေါ့” ဟု ဝန်ကြီးက ဆက်ပြောသည်။

ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကြာဖုဒေါနှင့် လာလယ်ကျေးရွာအနီးရှိ လယ်ကွင်းပြင်ထဲများ ငါးများဖမ်းဆီး သူများသည် ဘက်ထရီရှော့(ခ်)တိုက်ခြင်းများပြုလုပ်နေကြသည့်အတွက် ဒေသခံလယ်ပိုင်ရှင်များက ယခုလိုမပြုလုပ်ရန် တားဆီးလိုကြောင်း ပြောဆိုနေကြသည်။