ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)တို့ လာမည့် စက်တင်ဘာလ ၁၅ ရက်မတိုင်မီ RCSS ထိန်းချုပ်နယ်မြေ လွယ်တိုင်းလျန်တွင် တွေ့ဆုံဆွေးနွေးကြမည်ဟု နှစ်ဖက်ခေါင်းဆောင် များက မဇ္စျိမကို ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်က RCSS ဌာနချုပ်တွင် တွေ့ဆုံညှိနှိုင်းကြရန် RCSSဘက်မှ အကြောင်း ကြားလာသဖြင့် PNLO ၏ ဥက္ကဋ္ဌ ခွန်မြင့်ထွန်း ဦးဆောင်သော ကိုယ်စားလှယ်များ သွားရောက် တွေ့ဆုံကြမည်ဟု ခွန်မြင့်ထွန်းက ပြောသည်။
“RCSS ဌာနချုပ်ကို ဖိတ်ထားတော့ ကျွန်တော်တို့လည်း သွားရောက်ဖို့တော့ ရှိပါတယ်။ ရက်က အတိအကျ မသိသေးဘူး။ ဒီမှာ သွားရေးလာရေး စီစဉ်နေတုန်းပဲ ရှိတယ်။ ၁၅ ရက်မတိုင်မီတွေ့ဖြစ်မယ်။”ဟု ၎င်းက ပြောသည်။
နယ်မြေ အငြင်းပွားနေသော ရှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသ (နဂါးခမ်းတန်) နောင်တောင်ကီ ကျေးရွာအပိုင်တွင် စက်တင်ဘာလ ၃ ရက်က လေးနာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နှစ်ဖက် အပြန်အလှန် ညှိနှိုင်းဆွေးနွေးရန် စာရေးသားပေးပို့ခဲ့ကြသည်။
RCSS အနေဖြင့် PNLO နှင့်တွေ့ဆုံရန် အသင့်ဖြစ်နေပြီး ယင်းသို့တွေ့ဆုံဆွေးနွေးရန် သက်ဆိုင်ရာ တပ်မှူး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့များ ပါဝင်သည့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားသည်ဟု RCSS ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ၏ အတွင်းရေးမှူး ဒု-ဗိုလ်မှူးကြီး စိုင်းငင်းက ပြေသည်။
“ကျွန်တော်တို့ဘက်တော့ အဆင်သင့်ဖြစ်နေပါပြီ။ PNLO ဘက်က လူကြီးတွေ စောင့်ရမယ့်သဘော။ ဒီအတောအတွင်းမှာပဲ တွေ့ကြမှာပါ”ဟု သူက မဇ္စျိမကို ပြောသည်။
စက်တင်ဘာလ ၃ ရက်က သမ္မတရုံးဝန်ကြီးဌာန(၄) ဒု-ဝန်ကြီးလည်းဖြစ် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည် ထူးထောင်ရေး ဗဟိုဌာန(MPC) အတွင်းရေးမှူး ဦးအောင်သိန်းကလည်း နှစ်ဖက် ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်း ကြရန် တိုက်တွန်းစာကို RCSS ထံ ပေးပို့ခဲ့သည်။
ပြီးခဲ့သည့် ခုနှစ်နှစ်က PNLO က ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး အဖွဲ့(ရလလဖ)မှ ခွဲထွက်ခဲ့ပြီး နောက်ပိုင်း ယခုတိုက်ပွဲဖြစ်ပွားခဲ့သည့် မောက်မယ်ဂွင်အား RCSS က ထိန်းချုပ်ထားလိုက်ခြင်း ဖြစ်ပြီး အစိုးရက PNLOကို ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ထားသော ပွန်းချောင်း၏ အနောက် ဘက်ကမ်းအတွင်း လှုပ်ရှားရန် နှစ်ဖက် ညှိနှိုင်းထားပြီး ဖြစ်သည်ဟု ဒု-ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။
အဆိုပါ နယ်မြေအငြင်းပွားမှုကို မကြာမီ တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်သည်။