သမ္မတဦးသိန်းစိန်သည် ၎င်း၏သမ္မတသက်တမ်းအတွင်း ဥရောပသို့တတိယ အကြိမ်သွားရောက်ခဲ့ရာ ဂျာမနီနှင့် ဆွစ်ဇာလန်နိုင်ငံများသို့ လည်ပတ်ခဲ့ပြီးနောက် အမေရိကန်ဒေါ်လာသန်းရာချီ အကူအညီများရရှိခဲ့ပြီးနောက် ယနေ့တွင် နယ်သာလန်နိုင်ငံကို ဆက်လက်သွားရောက်မည်ဖြစ်သည်။
စက်တင်ဘာ ၁ ရက်မှစတင်ခဲ့သည့် ခရီးစဉ်တွင်ပထမ ဆုံးနိုင်ငံအဖြစ် ဂျာမနီသို့ဝင်ရောက် ခဲ့ရှိပြီးနောက် ဆွစ်ဇာလန်သို့ ရောက်ရှိခဲ့သည်။ ဆွစ်ဇာလန်က မြန် မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၃ ခုနှစ်မှ ၂၀၁၇ခုနှစ်အထိငါးနှစ်စီမံကိန်းအဖြစ် အမေရိကန်ဒေါ်လာ ၁၆၄ သန်းအကူအညီပေးရေးကိစ္စများ သဘောတူထားသည်။
၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်၏ သီးခြားဆွေးနွေးပွဲတွင် မြန်မာနှင့်ဆွစ်ဇာလန်နိုင်ငံတို့အကြား စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ အလုပ်သမား၊ ကုန်သွယ်ရေးကိစ္စများ တွင် ဆွေးနွေးမှုများ လုပ်ဆောင်ရန်နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။ဂျာမနီနိုင်ငံတွင် သမ္မတ ဦးသိန်းစိန်သည် ဂျာမန်ဝန်ကြီးချုပ်မာကယ်နှင့် တွေ့ဆုံခဲ့သလို သတင်းစာရှင်းလင်းပွဲ ပူးတွဲပြုလုပ်ခဲ့သည်။
သမ္မတဦးသိန်းစိန်က မြန်မာ့ဒီမိုကရေစီအပြောင်းအလဲသည် စီးပွားရေးကိုဖွံ့ဖြိုးတိုးတက်စေ မည်ဟု ထပ်မံ ပြောကြားခဲ့သည်။ဂျာမနီသမ္မတဂျိုချင်ဂေါက်က မြန် မာနိုင်ငံကဂျာမနီနိုင်ငံသို့ ပေးရန်ရှိ အကြွေးများအနက်မှ ထက်ဝက်ကို ပြီးခဲ့သည့်ဖေဖော်ဝါရီအတွင်းက ပယ်ဖျက်ပေးခဲ့ ရာ ကျန်ရှိနေသည့်အကြွေးအမေရိကန် ဒေါ်လာသန်း ရ၄၀ ကိုမြန်မာကအတိုးနှုန်းသက်သာ စွာဖြင့် ၁၅ နှစ်အတွင်းပြန်လည် ပေးဆပ်ရမည်ဖြစ်သည်။
ဂျာမနီကမြန်မာနိုင်ငံပဲခူးရှိ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးအတွက် နည်းပညာ နှင့် ငွေကြေးထောက်ပံ့မှုများပေးမည်ဖြစ်သည်။ ဂျာမနီနိုင်ငံသည် ဂျပန်ပြီးနောက် မြန်မာနိုင်ငံအား ဒုတိယ အများဆုံးလှူ ဒါန်းပေးနေသည့် နိုင်ငံဖြစ်သည်။
မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) များဖွံ့ဖြိုးရန် ဂျာမန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ) ကမြန်မာနိုင်ငံ မှ ပုဂ္ဂလိကဘဏ်သုံးဘဏ်သို့ ဘဏ္ဍာရေးလုပ်ငန်းဆိုင် ရာ နည်းပညာများ ကူညီထောက်ပံ့ရန် ယခုနှစ်ဖေဖော်ဝါရီလအတွင်းက ကမ်းလှမ်းခဲ့သည်။
၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွင်း မြန်မာနှင့်ဂျာမနီအကြား နှစ်နိုင်ငံကုန်သွယ်မှု ပမာဏအမေရိကန်ဒေါ်လာ ၁၈၇ ဒသမ ၅၃ သန်းရှိခဲ့ရာတွင် ဂျာမနီ၏တင်သွင်းမှု တန်ဖိုးဒေါ်လာ ၄၂ ဒသမ ၉၈ သန်းနှင့် တင်ပို့မှု ၁၄၄ ဒသမ ၅၅ သန်းရှိခဲ့သည်။
၂၀၁၃-၁၄ ဘဏ္ဍာနှစ်၏ ပထမခြောက်လ (ဧပြီမှ စက်တင်ဘာအထိ)နှစ်နိုင်ငံကုန်သွယ်မှုမှာ ဒေါ်လာ ၄၈ ဒသမ ၁၄ သန်းရှိခဲ့သည်။သမ္မတဦးသိန်းစိန်သည် ယခုဥရောပခရီးစဉ်တွင် နောက်ဆုံးခရီးတစ်ထောက် အဖြစ် နယ်သာလန်နိုင်ငံသို့ ၀င်ရောက်မည်ဖြစ်ပြီး နယ်သာလန်ဘုရင်နှင့် ဘုရင်မတို့နှင့်လည်း တွေ့ဆုံ မည်ဖြစ်သည်။
နယ်သာလန်သို့ ဒု-သမ္မတ ဦး ဉဏ်ထွန်းလည်း သွားရောက်လည်ပတ်ခဲ့ဖူးပြီး ရေအရင်းအမြစ် စီမံခန့်ခွဲမှု နှင့်ပတ်သက်၍ မြန်မာသည်နယ်သာလန်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်ရန်ရှိနေသည်။
သမ္မတဦးသိန်းစိန်သည် သမ္မတဖြစ်ပြီးနောက် ပထမဆုံးဥရောပခရီးစဉ်အဖြစ် နော်ဝေ၊ ဖင်လန်၊ သြစတြီး ယား၊ ဘယ်လ်ဂျီယမ်နှင့် အီတလီနိုင်ငံများသို့ ၂၀၁၃ နှစ်ဆန်းတွင်လည်းကောင်း၊ ဒုတိယအကြိမ် ဥရောပ ခရီးစဉ်အဖြစ် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ယင်းနှစ် နှစ်လယ်ပိုင်းတွင်လည်းကောင်းသွားရောက် ခဲ့သည်။