၂၀၁၄ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်တော့မည်မဟုတ်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက စက်တင်ဘာ ရ ရက်တွင် ပြောသည်။
ရန်ကုန်မြို့၊ မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးစင်တာတွင် ပြည်ထောင်စုရွေးကောက်ပွဲနှင့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ ပြောခြင်းဖြစ်သည်။
“နိုင်ငံရေးပါတီတွေ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ပြီး ရွေးကောက်ပွဲတွေ ကျင်းပဖို့ မသင့်ဘူးလို့ သုံးသပ်ချက်တွေရှိတဲ့အတွက် ကော်မရှင်ဥပဒေပါ ပုဒ်မ ၁၁ အတိုင်း ဥက္ကဋ္ဌကို အပ်နှင်းထားတဲ့အတိုင်း ဆုံးဖြတ်လိုက်တာ” ဟု ဦးတင်အေးက ဆိုသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၁ တွင် ရွေးကောက်တင်မြှောက်ခြင်း ဆိုင်ရာ လုပ်ငန်းများ၊ ရွေးကောက်ပွဲခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့် စပ်လျဉ်းသည့် အယူခံမှုများနှင့် ပြင်ဆင်မှုများ၊ နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေအရ ဆောင်ရွက်သောကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးဖြစ်စေရမည်ဟု ပြဋ္ဌာန်းထားခြင်းဖြစ်သည်။
ယင်းသို့ဆုံးဖြတ်ခြင်းသည် ဖွဲ့စည်းပုံပြင်ဆင်ရေး ဆောင်ရွက်ရန်ရှိသည့် ပြည်ထောင်စုလွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်မှုများကိုလည်း ထိခိုက်စေမည်မဟုတ်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောသည်။
၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးရန်အတွက် ခန့်မှန်းကုန်ကျစရိတ် ကျပ်သန်း ၁,၇၀၀ ကျော် အသုံးပြုရမည်ဖြစ်ပြီး ကော်မရှင်၏ ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့် လုပ်ငန်းများ အားနည်းသွားနိုင်၍ ယခုကဲ့သို့ ဆုံးဖြတ်ခြင်းဟု ဦးတင်အေးက ပြောသည်။
ထို့ပြင် ဥပဒေပြုရေးလုပ်ငန်းစဉ်များ ထမ်းဆောင်နေသော၊ ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးရေး ဆွေး နွေးနေသော လွှတ်တော်အမတ်များ မအားမလပ်ဖြစ်နေချိန်တွင် ပါတီအောင်နိုင်ရေးကိစ္စများ စီမံဆောင်ရွက်ရ ပါက ၀န်ထုပ်ဝန်ပိုးပိုလာနိုင်သည်ကိုလည်း ထည့်သွင်းဆုံးဖြတ်ခဲ့သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြောသည်။
လွန်ခဲ့သော ခြောက်လကျော်က ကတိကို ဖျက်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၏ ဆုံးဖြတ်ချက်သည် လွန်ခဲ့သော ခြောက်လကျော်က ပြည်သူ့လွှတ်တော်တွင် ပြောထားသည့် ကတိစကားကို ဖောက်ဖျက်ခြင်းဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဝေဖန်သည်။
“သူလုပ်ချင်သလို လုပ်လို့ရလားဆိုတဲ့ အပိုင်းတော့ မေးစရာရှိတယ်။ ဒီအတွက်ကိုလည်း လွှတ်တော်က အတိုက်အခံ လုပ်ပြီး တင်မယ့်သူဆိုပြီး မတွေ့မိပါဘူး။ ကတိကဝတ် ကော်မတီမှာတော့ ဒီလိုဖြစ်ရင် ဘယ်လိုလုပ်လဲဆိုတာကို သေချာမသိပေမယ့် လွှတ်တော်အဆုံးအဖြတ်လည်း စောင့်ကြည့်ရမယ်” ဟု ၎င်းက ပြောသည်။
၂၀၁၄ ခုနှစ်၊ မတ် ၂၀ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လှည်းကူးမြို့နယ်အမတ် ဦးဖြိုးမင်းသိန်းက ကြားဖြတ်ရွေးကောက်ပွဲလုပ်ရန် အစီအစဉ်ရှိ မရှိ မေးမြန်းဖူးပြီး ယင်းကို ရာသီဥတု သာယာချိန်တွင် ပြုလုပ်ရန် ရည်ရွယ်ထားသည်ဟု ဦးတင်အေးက ပြန်လည်ဖြေကြားထားသည်။
ယင်းနောက် နိုင်ငံရေးပါတီများ၊ မီဒီယာများနှင့် တွေ့ဆုံသည့် အကြိမ်များတွင်လည်း ၂၀၁၄ နှစ်ကုန်ပိုင်းတွင် ကြားဖြတ်ရွေးကောက်ပွဲလုပ်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောထားသည်။
ပြည်သူ့လွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီကမူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင်အကြောင်းမကြားသေးဟု ပြောသည်။
ဆားလင်းကြီးမြို့နယ်အမတ် ကော်မတီအတွင်းရေးမှူး ဦးသန်းမြင့်က “ကော်မတီမှတ်တမ်းမှာ ရှိပြီးသား ဆိုပေမယ့် ဥပဒေအရဆိုရင် ခိုင်လုံတဲ့ အကြောင်းပြချက်နဲ့ သူ့ထက် အရေးကြီးတဲ့ အရေးပေါ်အကြောင်း အရာတွေကို ဦးစားပေး လုပ်ကိုင်လို့ရပါတယ်။ ဒါကိုတော့ ကော်မတီက တိုက်ဆိုင်စိစစ်ပြီးရင်တော့ လွှတ်တော်ကို အစီရင်ခံစာ တင်ရမှာပေါ့” ဟု ဆိုသည်။
လက်ရှိတွင် ပြည်သူ့လွှတ်တော် ၁၃ နေရာ၊ အမျိုးသားလွှတ်တော်တွင် ခြောက်နေရာနှင့် တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်တို့တွင် ၁၆ နေရာ စုစုပေါင်း ၃၅ နေရာ တို့ လစ်လပ်နေသည်။ သို့သော် ၂၀၁၅ နိုဝင်ဘာ၌မူ အထွေထွေရွေးကောက်ပွဲလုပ်မည်ဟု ဦးတင်အေးက ပြောသည်။
သူတို့ ဘယ်လိုမြင်ကြလဲ
ပိုက်ဆံကုန်တာက သူ့အလုပ်တော့ မဟုတ်ဘူး၊ ကြားဖြတ်နဲ့ပတ်သက်ပြီးတော့ ဘယ်လောက်အရေအတွက် ဆိုရင် လုပ်ရမယ်ဆိုတာကို သတ်သတ်မှတ်မှတ် ဥပဒေနဲ့ လုပ်သင့်တယ်။ အဲဒီလိုမရှိတော့ ကော်မရှင်ဥက္ကဋ္ဌ ဖြစ်ချင်သလိုဖြစ်နေတဲ့ပုံမျိုးပေါ့။
ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးလှဆွေ
၂၀၁၄ သာ လုပ်ဖြစ်ရင် ကော်မရှင်က တကယ်ပဲ ရိုးသားမှုရှိလား မရှိဘူးလားဆိုတဲ့ ပုံရိပ်ကို အဲဒီကနေ သိနိုင်တယ်။ အဲဒီအတွက် ၂၀၁၅ မှာ ဘာတွေလိုအပ်မယ်ဆိုတာကို ပါတီတွေက ပြင်ဆင်သင့်တာ ပြောသင့်တာကို ပြောနိုင်မယ်။ ကော်မရှင်အနေနဲ့ သမာသမတ်ကျသင့်တယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့်
ကော်မရှင်က သူ့ဘာသာသူ လွတ်လွတ်လပ်လပ် မဆုံးဖြတ်နိုင်လို့ အခုလိုဖြစ်နေတာ၊ လွှတ်တော်မှာ ကတိပေးထားတယ်ဆိုပေမယ့်လည်း သူလာတဲ့ပါတီက ဘယ်ကလဲဆိုတာ ကြည့်ပြီး လွှတ်တော်က ဆုံးဖြတ်လိမ့်မယ်။ နဂိုကတည်းက ပြည်ခိုင်ဖြိုးက အသာစီးရပြီးသား။ ဒီအရေအတွက်မပါလည်း အသာစီးရမယ်ဆိုပေမယ့် ရှုံးရင်သူတို့ဘက်က လျော့နိုင်တယ်။ ဒါတွေကိုလည်း တွက်ချက်မှာပေ့ါ။
ဦးစိုင်းညွန့်လွင်၊ အတွင်းရေးမှူး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်
ကြားဖြတ်ကို လုပ်မယ်ဆိုရင်တော့ ကော်မရှင်ရဲ့ လုပ်ကိုင်မှုတွေကနေတစ်ဆင့် တိကျမှုရှိ မရှိဆိုတာကို အားလုံးက သိနိုင်မယ်။ ခန့်မှန်းနိုင်မယ်၊ အခု မလုပ်တော့တဲ့အခါ ပါတီတွေကကော ကော်မရှင်ကကော ၂၀၁၅ ကို အာရုံစိုက်ပြီး အားနည်းချက်တွေကို ပြင်ဆင်နိုင်ဖို့ အချိန်တော့ရမှာပေါ့။
ကော်မရှင်ဆိုတာကတော့ ပြည်ထောင်စုအဆင့်အဖွဲ့ပါ။ အခုလုပ်မယ် တော်ကြာလုပ်မယ်လို့ ပြောလို့မရသလို လွှတ်တော်ထဲမှာလည်း ကတိပြုပြီးသားဖြစ်တဲ့အတွက် ကော်မတီကလည်း ပေးတဲ့အကြောင်းပြချက်အပေါ် ခိုင်လုံမှုရှိ မရှိ သေချာစိစစ်ဖို့ လိုအပ်ပါမယ်။ ကော်မရှင်က နိုင်ငံရေးပါတီတွေ မဲဆန္ဒရှင်တွေ ယုံကြည်မှုရအောင် လုပ်ဖို့ အရေးကြီးနေတယ်။ အားနည်းချက်တွေ ရှိတယ်ဆိုတာကလည်း ရိုးရိုးသားသားဖြစ် ကောင်းဖြစ်နိုင်ပါတယ်။ အရင်တုန်းက ဖွဲ့စည်းပုံပြင်ရင် ကိုယ်စားလှယ်တွေ လိုအပ်ချက် ရှိနိုင်တယ်လို့ သုံးသပ်ခဲ့တာရှိလိမ့်မယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ မလိုအပ်ဘူးလို့ ပြန်သုံးသပ်တာရယ်။ ကြားဖြတ်လုပ်ရင် မဲအများစုက အင်န်အယ်လ်ဒီက အနိုင်ရနိုင်တာ၊ သူတို့ ဆီရောက်နိုင်တာကို ပြန်သုံးသပ်မိတာတွေ ရှိနိုင်မယ်။
ဦးကျော်လင်းဦး၊ နိုင်ငံရေးလေ့လာသုံးသပ်သူ
ဦးတင်အေး၏ကိုုယ်ရေးအကျဉ်း
- ၂၀၁၁ ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ် သမ္မတ၏ ခန့်အပ်မှုခံရ
- ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုရွေးကောက်ခံရ
- စစ်အစိုးရလက်ထက်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့