ဘာသာရေးသည်ကောင်း၏ အစွန်းရောက်ဘာသာရေးသည် မကောင်း

ဘာသာရေးသည်ကောင်း၏ အစွန်းရောက်ဘာသာရေးသည် မကောင်း
by -
မဇ္စျိမ

အတ္တဗဟိုပြုသူတို့က ဘာသာရေးကိုမယုံကြည်ဘဲ ဘာသာရေးကို အသုံးချဖို့သာသုံးသည်။ ဘာသာအယူ ၀ါဒဆိုသည်မှာ မိရိုးဖလာကြောင့်လည်း သက်ဝင်ယုံကြည်ကြသည်၊ မိမိဘာသာ လေ့လာပြီးမှလည်း အကျိုးရှိမည်ဟု မှတ်ထင်သဖြင့် သက်ဝင်ယုံကြည်ခြင်းလည်းရှိသည်။ ဘာသာတရားတိုင်းတွင် အားသာချက်၊ အားနည်းချက်များ ရှိသည်ချည်းသာဖြစ်သည်။ ကောင်းကျိုးများ၍သာ သိပ္ပံပညာရှင်ကအစ၊ ကျော်ကြားထင် ရှားသူများ အလယ်၊ လူသာမန်များအဆုံး လူအများစုက ဘာသာတရားတစ်ခုခုကို သက်ဝင်ယုံကြည်ကြ ခြင်းဖြစ်သည်။

ဘာသာတရားတိုင်းက နှစ်ပေါင်းရာထောင်ချီ တည်တံ့နေကြခြင်းမှာလည်း ယုံကြည်သက်ဝင်သူများရှိနေ သေးသည့်အတွက်ဖြစ်သည်။ သို့သော် ဘာသာတရားကို ဟောပြောသူ၊ ပို့ချသူ၊ ထိန်းသိမ်းသူများက ခေတ်အလိုက်ပြုပြင်ပြောင်းလဲ၊ အနက်သစ်ထုတ်ဖော်ကြရင်းဖြင့် ဘာသာတရားတို့၏ မူလအနှစ်သာရထက် အသစ်အသစ်သော(၀ါ) ခေတ်နှင့်ညီသော အယူအကောက်တို့ ရှိလာကြသည်။ နိုင်င့ံအာဏာကို ကိုင်ထား သူတို့ကလည်း ဘာသာရေးခေါင်းဆောင်များနှင့် ညီညွတ်သော ဆက်ဆံရေးများရှိသလို တစ်ခါတစ်ရံတွင် အတိုက်အခံ ဆက်ဆံရေးမျိုးရှိသည်ကိုလည်း သမိုင်းတွင်တွေ့ခဲ့ဖူးသည်။

အခုတော့ ဘာသာရေးမှိုင်းသစ် (၀ါ) အမှန်တကယ်အသစ်မဟုတ်သော အစွန်းရောက်ဘာသာရေးများ ပေါ်ပေါက်လာခဲ့သည်။ ဘာသာတိုင်းတွင် အစွန်းရောက်များက ဘာသာရေးကိုအသုံးချပြီး သူတို့၏အတ္တ အမွှမ်းတင်လုပ်ရပ်များကို လုပ်ကိုင်လာကြသည်။ မြန်မာပြည်တွင်းတွင်လည်း လုပ်ကြသည်၊ ပြည်ပအခြေစိုက် အဖွဲ့များကလည်း လုပ်လာကြသည်။ မူလအနှစ်သာရမှ သွေဖည်သော အစွန်းရောက် ဘာသာရေးတိုင်းမှာ မကောင်းပါ၊ အကျိုးထက် အပြစ်များစေပါသည်။ သို့သော် ဘာသာရေးကို အသုံးချစည်းရုံးခြင်းဖြစ်သဖြင့် ပညာတတ်သူများရော ပညာမဲ့သူများပါ အစွန်းရောက် ဘာသာရေးသမားတို့ ဦးဆောင်မှုနောက် ပါသွားတတ်ကြသည်။

စက်တင်ဘာ ၄ ရက်က ထွက်လာသော သတင်းတစ်ပုဒ်တွင် ပုန်းလျှိုးကွယ်လျှိုး အစွန်းရောက်ဘာသာရေး အကြမ်းဖက်အဖွဲ့အစည်း အယ်ခိုင်ဒါက မြန်မာ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ လက်တံဖြန့်မည်ဟု ပြောသည်။ သူတို့က မူလကအသေခံဗုံးခွဲပြီး အနောက်နိုင်ငံ ဆန့်ကျင်ရေးလုပ်သည်။ အခုတော့ အရှေ့ဘက်ကို ဖြန့်မည့်သဘောရှိသည်။ ရည်ရွယ်ချက်က အနှိမ်ခံ မွတ်စလင်များအရေးဟုပြောပြီး လုပ်ရပ်က သူတို့၏ အစွန်းရောက်ဘာသာရေးလက်နက်ဖြစ်သည့် အသေခံဗုံးခွဲဖို့ ဖြစ်သည်။

မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံတွင် မွတ်စလင်သန်း ၁၈၀ ရှိသော်လည်း အယ်ခိုင်ဒါသည် ဘယ်တုန်းကမှ မအောင်မြင်ခဲ့ပါ။ လက်ရှိအိန္ဒိယခေါင်းဆောင် ၀န်ကြီးချုပ်မိုဒီက ပြည်နယ်ဝန်ကြီးချုပ် ဘဝက မွတ်စလင်များကို နှိပ်ကွပ်ခဲ့သူဟု စွပ်စွဲခံရသူလည်းဖြစ်သည်။ အိန္ဒိယနိုင်ငံမှ အာဏာရဘီဂျေပီပါတီ ပြောခွင့်ရသူကလည်း အယ်ခိုင်ဒါတို့ လက်တံဖြန့်မည့်ကိစ္စကို အလေးအနက် ထားသော်လည်း ခိုင်မာသည့် ဗဟိုအစိုးရရှိသောကြောင့် စိတ်ပူပန်စရာမရှိဟု ပြောထားသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း အစွန်းရောက် ဘာသာ ရေးခေါင်းဆောင် များကို ပြင်းပြင်းထန်ထန် အရေးယူဖူးသည်။

မြန်မာအစိုးရ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက သူ၏ဖေ့စ်ဘွတ်မှ “ဒီလိုအန္တရာယ်မျိုးက ကာကွယ်နိုင် အောင် တပ်မတော်နဲ့ လုံခြံုရေးတပ်ဖွဲ့ဝင်တွေ အထူးအလေးထားဆောင်ရွက်နေပါကြောင်း” ဟု ပြောထားပါ သည်။ တစ်ခါမြန်မာ မွတ်စလင်အစည်းအရုံးကြီးကလည်း အယ်ခိုင်ဒါကြေညာချက်ကို ပြင်းထန်စွာရှုတ်ချ သည်ဟု ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

ဘာသာရေးအစွန်းရောက် အယ်ခိုင်ဒါ၏ လုပ်ရပ်မှာ မွတ်စလင်တိုင်းပင် လက်မခံပါ။ အီရတ်တွင် အထူးထင် ရှားလာသော အိုင်အက်စ်၏ ကြီးထွားမှုကို အယ်ခိုင်ဒါကစိုးရွံ့လာပြီး ကမ္ဘာလုံးဆိုင်ရာ အစွန်းရောက်ဘာ သာရေးမူ အသေခံဗုံးခွဲမှုအင်အားစု ရာထူးကို လုခြင်းဖြစ်သည်ဟု သုံးသပ်သူများလည်းရှိပါသည်။ မည်သို့ဆိုစေ အစွန်းရောက်ဘာသာရေးသည် တစ်ကမ္ဘာလုံးကို ခြိမ်းခြောက် နေသည်။ ဗြိတိန်နိုင်ငံ၊ ဝေးလ်တွင် သမ္မတအို ဘားမား၊ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းအပါအဝင် နိုင်ငံပေါင်း ၆၀ ကျော်မှ နိုင်ငံ့ခေါင်းဆောင်များသည် အစွန်းရောက်ဘာသာရေးအဖွဲ့အစည်း အိုက်အက်စ်ကို နှိမ်နင်းရန် စည်းဝေးနေကြသည်။

တစ်ကမ္ဘာလုံးက အစွန်းရောက်ဘာသာရေးအဖွဲ့အစည်းများကို သဘောမကျပါ။ နည်းနည်း အစွန်းရောက် သည်နှင့် နည်းနည်းရှုတ်ချသည်၊ တုံ့ပြန်နှိပ်ကွပ်သည်။ လူများကို သတ်ဖြတ်၊ ဗုံးခွဲ၊ ဘာသာရေးကို တလွဲအ သုံးချခြင်းများကို အပြင်းအထန်ကန့်ကွက်ကြသည်၊ ပြင်းပြင်းထန်ထန် တုံ့ပြန်ကြသည်။ မိမိနှင့် မိမိပတ်ဝန်း ကျင်ကောင်းကျိုးအတွက် ဘာသာရေးကို သက်ဝင်ယုံကြည်ခြင်းမှာ ကောင်းသည်။ မိမိနှင့် မိမိနေထိုင်သည့် လူ့အဖွဲ့အစည်းပျက်စီးစေမည့် ဘာသာရေးကို လွဲမှားစွာအသုံးချသည့် အစွန်းရောက်ဘာသာရေးသည် မကောင်း၊ ဆန့်ကျင်ရမည်ဟု မဇ္ဈိမက ယုံကြည်သည်။

Most read this week