တိုင်းရင်းသားပါတီများနှင့် မဟာဗျူဟာ လုပ်ငန်းများ ပူးပေါင်း လုပ်ဆောင်မည်ဟု ဒေါ်စုပြော

တိုင်းရင်းသားပါတီများနှင့် မဟာဗျူဟာ လုပ်ငန်းများ ပူးပေါင်း လုပ်ဆောင်မည်ဟု ဒေါ်စုပြော
by -
မဇ္စျိမ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တိုင်းရင်းသားပါတီများထံမှရရှိလာသည့် သဘောထားကိုရယူကာ မဟာဗျူဟာကျသော လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်ဟု ပွဲတက်ရောက်ခဲ့သူ NLD ဗဟိုကော်မတီဝင် နန်းခင်ထွေးမြင့်က မဇ္စျိမကို ပြောသည်။

စစ်မှန်သောပြည်ထောင်စုအဖြစ် ဥပဒေပြုအာဏာ ခွဲဝေသုံးစွဲမှုနှင့်ပတ်သက်၍ နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၏ အမြင်သဘောထားကိုသိရှိစေရန် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ရန်ကုန် မြို့၊ ရန်ကင်းမြို့နယ်ရှိ မီကာဆာဟိုတယ်တွင် စက်တင်ဘာ ၅ ရက်က ပြုလုပ်ခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွား ခြင်းဖြစ်သည်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြီး ဘာမှဝင်ရောက်ဆွေးနွေးတာမရှိဘူး။ အဓိက တိုင်းရင်းသား ပါတီတွေက လိုချင်တဲ့ ဆွေးနွေးချက်တွေကို အလေးပေး နားထောင်ပေးတာပါ”ဟု နန်းခင်ထွေးမြင့်က ဆိုသည်။

အလုပ်ရုံဆွေးနွေးပွဲမှ ဆွေးနွေးချက်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီများက လွှတ်တော်တွင်း နှင့် လွှတ်တော်ပြင်ပတွင် အစိုးရအဖွဲ့အစည်းများနှင့် ဆွေးနွေးမည်ဖြစ်သည်ဟု တိုင်းရင်းသား ခေါင်းဆောင်များက ဆိုသည်။

ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် မွန်အမျိုးသားပါတီဥက္ကဋ္ဌ ဦးနိုင်ငွေသိမ်းက “ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော်တို့သွားနေတဲ့ လမ်းကြောင်းမဟာဗျူဟာတူတာက ဖွဲ့စည်းပုံကို အမြန်ဆုံးပြင်ဆင်ချင်တာပါ။ ပြည်ထောင်စုမနိုင်တဲ့ အုပ်ချုပ်ခွင့်အာဏာကို ပြည်နယ်တွေကို တန်းတူညီမျှစွာ လုပ်ပိုင်ခွင့်ပေးဖို့ပဲ။ ဒါကလည်း ဖွဲ့စည်းပုံတစ်ခုလုံးကို ပြင်မှရမှာ”ဟု ပြောသည်။

“မြန်မာနိုင်ငံ အသွင်ကူပြောင်းရေးကာလ၏ စိန်ခေါ်မူများ”ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲကို ဗေဒါအင်စတီကျုနှင့် ဂျာမနီနိုင်ငံအခြေစိုက် ပညာရေးအထူးပြုအဖွဲ့အစည်း တစ်ခုဖြစ်သည့် Konrad-Adennuer-Stiftung တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲကို နှစ်ရက်ကျင်းပမည်ဖြစ်ပြီး ဥပဒေပြုအာဏာခွဲဝေသုံးစွဲမှုနှင့် ပတ်သက်သည့် အမြင်များကို ဆွေးနွေးခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် ပြည်ထောင်စု နှင့် ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များ လုပ်ပိုင်ခွင့်ရှိသည့် အုပ်ချုပ်ရေး၊ အခွန်ကောက်ဆိုင်ရာအချက်များကို ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ပြင်ဆင်ရေးဆွဲပေးရန် ဆွေးနွေးခဲ့သည်ဟုလည်း
ပွဲတက်ရောက်သူ များက မဇ္ဈိမကိုပြောသည်။

ဆွေးနွေးပွဲတက်ရောက်ခဲ့သူ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးငိုင်ဆာခ့်က “အမျိုးသားလွှတ်တော်ကို ကိုယ်စားလှယ်ရွေးရင် ညီတူညီမျှ ဖွဲ့စည်းဖို့ နဲ့ ၂၀၀၈ ဖွဲ့စည်းပုံက တစ်ပြည်ထောင်ဖွဲ့စည်းပုံသာ ဖြစ်တဲ့ အတွက် ဖက်ဒရယ်ကို အခြေခံတဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေအသွင်ကူးပြောင်းဖို့ ဆွေးနွေးခဲ့ပါတယ်”ဟု ဆိုသည်။

ဆွေးနွေးပွဲကို ရည်ရွယ်ချက်လေးခုဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး စစ်မှန်သောပြည်ထောင်စုတစ်ခုအဖြစ် ဥပဒေပြုအာဏာခွဲ ဝေသုံးစွဲမှုနှင့်ပတ်သက်၍ နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၏ အမြင် သဘောထားကို သိရှိရန်၊ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် ပတ်သက်ပြီး နိုင်ငံရေးခေါင်းဆောင်များနှင့် တိုင်းရင်းသားခေါင်းဆောင်များကြားအပြန်အလှန် ဆွေးနွေးရန်၊ ၂၀၁၅ ရွေးကောက်ပွဲတွင်
ဖြစ်ပေါ်လာနိုင်သောစိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည့် နည်းလမ်းကောင်းများ ဆွေးနွေးရန်နှင့် လက်ရှိဖြစ်ပေါ်နေသောအ သွင်ကူးပြောင်းရေးကာလ စိန်ခေါ်မူများကို စုပေါင်းဖြေရှင်းနိုင်မည့် နည်းလမ်းကောင်းများကို ဆွေးနွေးနိုင်ရန်တို့ ဖြစ်သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၊ ချင်းဒီမိုက ရေစီအဖွဲ့ချုပ်၊ ကယန်းအမျိုးသားပါတီ၊ မွန်အမျိုးသား ပါတီ၊ ကရင်ပြည်သူ့ပါတီ အပါအဝင် တိုင်းရင်းသား နိုင်ငံရေးပါတီအချို့၊ Konrad-Adennauer-Stiftung မှ မြန်မာနိုင်ငံဒါရိုက်တာ ဒေါက်တာသောမတ်စ်လာ ၀ိုး၊ ဂျာမနီနိုင်ငံသံရုံး ဒုတိယသံအမတ်ကြီးနှင့် ဗေဒါအင်စတီကျုမှ တာဝန်ရှိသူများတက်ရောက်ကြသည်။