စစ်ရှောင်ဒုက္ခသည်များ နေရပ်ပြန်ရန် ပြည်နယ်အစိုးရ ဖိအားပေးနေဟု ဆို

စစ်ရှောင်ဒုက္ခသည်များ နေရပ်ပြန်ရန် ပြည်နယ်အစိုးရ ဖိအားပေးနေဟု ဆို
by -
မဇ္စျိမ

ကချင်ပြည်နယ်တွင် တိုက်ပွဲများရပ်ဆိုင်းနိုင်ခြင်း မရှိသေးသော်လည်း စစ်ဘေးရှောင်ဒုက္ခသည်များကို နေရပ်ပြန်ရန် အစိုးရက ဖိအားပေးမှုများ ပြုလာနေသည်ဟု ဒေသခံအဖွဲ့အစည်း ကိုးခုဖြင့် ဖွဲ့စည်းထားသော Joint Strategy Team ၏ အဖွဲ့ဝင်၊ မေတ္တာဖောင်ဒေးရှင်းမှ စီမံကိန်းညှိနှိုင်းရေးမှူး ဦးဂွမ်ရှာအောင်က ပြောသည်။

မေတ္တာဖောင်ဒေးရှင်း၏ ကွင်းဆင်းချက်များအရ ပြည်နယ်အစိုးရအဖွဲ့က စစ်ရှောင်ဒုက္ခသည်များကို တိုက်ပွဲများ ရပ်ဆိုင်းသွားပြီးဖြစ်၍ နေရပ်ပြန်ကြရန်နှင့် လိုအပ်သော အကူအညီများပေးမည်ဟု တိုက်တွန်းနေသည်ဟု ၎င်းက ဆိုသည်။

Je-Yang-Camp-in-Laiza-Kachin-State-Photo-EPA

သို့သော် ဒုက္ခသည်များ၏ နေရပ်ရွာများတွင် အစိုးရစစ်တပ်များ အခြေစိုက်နေပြီး အခြားသူများ ၀င်ရောက်နေ ထိုင်ကြသည်ဟု ၎င်းက ပြောသည်။

“အခုအနေအထားက ကချင်မှာ အပစ်ရပ်စဲရေးတောင် မဖြစ်သေးတော့ တိုက်ပွဲတွေ ပြန်မဖြစ်ဖို့က မသေချာ ဘူး”ဟု ၎င်းက ပြောသည်။

နေရပ်ပြန်ရန် ဖိအားပေးခြင်းကို လွယ်ဂျယ်မြို့နယ်တွင် ကြုံတွေ့နေရခြင်းဖြစ်ကာ ယခုအချိန်မှမပြန်လျှင် ဒုက္ခသည်တို့၏ နေရပ်လယ်ယာမြေများကို ပိုင်ဆိုင်ခွင့် မသေချာတော့သည့် အနေအထားများဖြစ်နေခြင်းကြောင့် ဒုက္ခသည်များမှာ စိုးရိမ်မှုများ ဖြစ်နေသည်ဟု ၎င်းက ဆိုသည်။

လွယ်ဂျယ်မြို့တွင် စစ်ရှောင်ဒုက္ခသည် စခန်းပေါင်း ငါးခုရှိကာ ဒုက္ခသည် ၂,၂၀၀ ခန့် ရှိကြောင်း Joint Strategy Team အဖွဲ့ဝင် ကရုဏာမြန်မာ လူမှုဖွ့ံဖြိုးရေးအဖွဲ့၏ စာရင်းများ၌ ဖော်ပြထားသည်။

ထို့ကြောင့် ဒုက္ခသည်များကို နေရပ် ပြန်ပို့လိုပါက နိုင်ငံတကာစံနှုန်းများအတိုင်း အစိုးရလုပ်ဆောင်ပေးရမည့် အချက်များကို ပြည်သူများ သိရှိစေရန် အဖွဲ့က စက်တင်ဘာလ ၅ ရက်တွင် ထုတ်ပြန်သွားမည်ဖြစ်သည်။

မန်ဝိန်းကြီးရွာရှိ စိန့်ပက်ထရစ်စခန်း တာဝန်ခံ ကိုပီတာက “ဒုက္ခသည်တွေ အားလုံးနီးပါးကတော့ နေရပ်ပြန်ချင်ကြပါတယ်။ ဒါပေမဲ့ သူတို့နေခဲ့တဲ့ ရွာတွေမှာ စစ်တပ်က ရှိနေတယ်။ မြေ၊ အိမ်ဆိုတာလည်း မရှိတော့ဘူးလေ”ဟု ပြောသည်။

စစ်ရှောင်ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးအတွက် ရှေ့ပြေးစီမံကိန်းများ Pilot Projects များ ပြုလုပ်ကြရန် အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA/KIO)တို့၏ နည်းပညာအကြံပေးအဖွဲ့များက ၂၀၁၃ ခုနှစ်၊ သြဂုတ်လက သဘောတူလက်မှတ်ရေးထိုးထားခဲ့ကြသော်လည်း တစ်နှစ်ခန့်ကြာမြင့်သည့်တိုင်အောင် စတင်နိုင်ခြင်း မရှိကြသေးပေ။

Most read this week