သမ္မတဦးသိန်းစိန်အနေဖြင့် သူ၏ တစ်နှစ်ကျော်သာ ကျန်ရှိသည့် အစိုးရသက်တမ်းတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ် ချမှတ်နိုင်ရန် ကြိုးပမ်းသွားမည်ဟု သမ္မတက၎င်း၏ လစဉ်ပြောကြား သည့် ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်သည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် အောင်မြင်စွာ ချုပ်ဆိုနိုင်ရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရန် သမ္မတဦးသိန်းစိန်က ကြိုးစားနေကြောင်းနှင့် ယင်းအတွက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းကို ဆွေးနွေးလျက်ရှိသည်။ ယင်းမူကြမ်း ညှိနှိုင်းမှုမှာ အချက်အနည်းငယ်သာ ကျန်ရှိပြီး တိုးတက်မှု ရှိခဲ့သည်ဟု သမ္မတက ဆိုသည်။
ထို့ပြင် နိုင်ငံရေးဆွေးနွးပွဲသို့ တက်လှမ်းရန် ပြင်ဆင်မှုများအနေဖြင့် တရားဝင်မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများနှင့် ပထမဆုံး အကြိမ် တွေ့ဆုံခဲ့သည်။
"ကျွန်တော်ကိုယ်တိုင်လည်း အခါအခွင့်သင့်တိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံလျှက်ရှိပါတယ်"ဟု သမ္မတက မိန့်ခွန်းတွင် ထည့်သွင်း ပြောသည်။
သြဂုတ်လ အတွင်း " ၀ "အထူးဒေသ(၂)၊ မိုင်းလားအထူးဒေသ (၄)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ/ရှမ်း တပ်မတော် (SSPP / SSA) မှ ကိုယ်စလှယ်မျးတွေ့ဆုံခဲ့ပြီး ယင်းအဖွဲ့များအနေ့ဖြင့် တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေးဆိုင်ရာ လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲများတွ ပါဝင်ရန် ဆန္ဒရှိသည်ဟု ဆွေးနွေး ဖလှယ်ခဲ့ကြောင်း သမ္မတက ပြောသည်။
မြန်မာနိုင်ငံ၏ နှစ်ပေါင်း၆၀ ကြာ မပြေလည်မှုများ၊ ပဋိပက္ခများကို ညှိနှိုင်းအဖြေရှာရသည့် အတွက် ပြည်သူလူထု အနေဖြင့် အချိန်ကာလတစ်ခုကို ဖြတ်သန်းရမည့်အပေါ် နားလည်ပေးရမည်ဟု မိန့်ခွန်းတွင်ပြောကြားခဲ့သည်။