သမ္မတအိုဘားမား နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသို့ လာမည်

သမ္မတအိုဘားမား နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသို့ လာမည်
by -
မဇ္စျိမ

အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည်  လာမည့် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။

ယခုခရီးစဉ်သည် အမေရိကန်အစိုးရ၏ အာရှ-ပစိဖိတ်ဒေသအတွက် မဟာဗျူဟာ ပြန်လည်  ချိန်ညှိမှုဆိုင်ရာ လုပ်ငန်းစဉ်၏ အစိတ်အပို်င်း တစ်ခုဖြစ်ကြောင်း သိရသည်။

သမ္မတအိုဘားမားသည် တရုတ်နိုင်ငံ၌ နို၀င်ဘာ ၁၀ ရက်နှင့် ၁၁ ရက်နေ့များတွင် ကျင်းပမည့် အာရှ-ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ဆွေးနွေးပွဲသို့ တက်ရောက်ကာ နို၀င်ဘာ ၁၂ ရက်တွင် ပေကျင်းမြို့၌ ဆက်လက်နေထိုင်ပြီးနောက်တစ်နေ့တွင် မြန်မာနိုင်ငံတွင် ကျင်းပမည့် အရှေ့အာရှဒေသဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်သည်။

APEC ဆွေးနွေးပွဲသို့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီလည်း တက်ရောက်ရန် တရုတ်သမ္မတ ရှီကျင်း ပင်က ဖိတ်ကြားထားကြောင်း သိရသည်။

ထို့နောက် သမ္မတအိုဘားမားသည် နိုဝင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်များတွင် သြစတြေးလျနိုင်ငံ ဘရစ်စဘိန်းမြို့၌ ကျင်းပမည့် ဂျီ-၂၀ ဆွေးနွေး ပွဲသို့ ဆက်လက်ထွက်ခွာမည်ဖြစ်သည်။

ပေကျင်းမြို့တွင် ပြုလုပ်မည့် APEC ဆွေးနွေးပွဲသည် ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို အဓိကထားဆွေးနွေး သွားမည်ဖြစ်ကြောင်း APEC ၏ အကြီးတန်းအရာရှိ တစ်ဦးဖြစ်သူ ရောဘတ်ဝမ်က ပြောကြားသည်။