မြေပုံမူဆလင်ဒုက္ခသည်စခန်းမှ စက်လှေဖြင့် ထွက်ပြေးလာသူ(၁၂၀)ကို မြန်မာရေတပ်က ဖမ်းမိ

မြေပုံမူဆလင်ဒုက္ခသည်စခန်းမှ စက်လှေဖြင့် ထွက်ပြေးလာသူ(၁၂၀)ကို မြန်မာရေတပ်က ဖမ်းမိ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် တောင်ပေါ်ဒုက္ခသည်စခန်းမှ စက်လှေဖြင့် ထွက်ပြေးလာသော ဘင်္ဂါလီ ဒုက္ခသည် (၁၂၀)ဦးကို ပေါက်တောမြို့နယ်၊ တောင်းဖူးကျေးရွာအနီးတွင် မြန်မာ ရေတပ်မှ ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးပြီးနောက် မြန်မာ့ရေတပ်မှ ပေါက်တောသို့ ရဲစခန်းသို့ လွှဲပြောင်းခဲ့ပြီး ယင်းနောက်တွင် ရခိုင်ပြည်နယ် အစိုးရ၏ ညွှန်ကြားချက်ဖြင့် သူတို့အား မူလ နေထိုင်ခဲ့ရာ မြေပုံ ဒုက္ခသည်စခန်းသို့ ပြန်လည် ပို့ဆောင်ခဲ့သည်ဟု ပေါက်တောရဲစခန်းမှ တာဝန်ကျ ရဲတာဝန်ရှိသူ တစ်ဦးက ပြောသည်။

“မြို့နယ် အုပ်ချုပ်ရေးမှူးအပါအဝင် ဌာနဆိုင်ရာက လူကြီးတွေ၊ မြို့နယ်ရဲမှူးတို့၊ မြို့နယ် လဝကမှူးတို့ ဦးစီးပြီး သူတို့ကို ဒီကနေ့ဘဲ မြေပုံ ဒုက္ခသည်စခန်းကို ပြန်ပို့ပါတယ်။ အခုဘဲ ပြန်ပို့နေပါတယ်” ဟု သူက ဆိုသည်

ထွက်ပြေးလာသော ဘင်္ဂါလီ ဒုက္ခသည်များမှာ မြေပုံမြို့နယ်၊ တောင်ပေါ်ဒုက္ခသည်စခန်းတွင် နေထိုင်ကြသူ များဖြစ်ကြပြီး ပေါက်တောမြို့နယ်၊ ဆင်တက်မော် မူဆလင် ဒုက္ခသည်စခန်းတွင် နေထိုင်ရန် ပြောင်းရွှေ့ လာကြစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု သူက ဆိုသည်။

“ သူတို့ကို စစ်ဆေးတဲ့အခါ သူတို့ကို ပေါက်တောမြို့နယ်၊ ပြိုင်တောင် ကျေးရွာ အုပ်စု၊ ချောင်းဝ ကုန်တန်း မူဆလင်ရွာမှ လူ(၅)ဦးကနေ ဆင်တက်မော် ဒုက္ခသည် စခန်းမှာ နေထိုင်ဖို့  စက်လှေနဲ့ လာခေါ်တဲ့ အတွက် လိုက်လာကြတာလို့ ၀န်ခံပြောဆိုကြတယ်။ အခု လိုက်ခေါ်တဲ့သူတွေကိုလည်း စစ်ဆေးမေးမြန်းနေပါတယ်” ဟု သူက ပြောသည်။

ဖမ်းဆီးခံရသူများ အထဲတွင် အမျိုးသား (၆၆) ဦး၊ အမျိုးသမီး (၂၀)ဦးနှင့် ကလေး(၃၄)ဦး စုစုပေါင်း (၁၂၀) ဦးလိုက်ပါလာကြကြောင်း သိရသည်။

သူတို့အား ဖမ်းဆီးရမိပုံကိုလည်း ရဲအရာရှိက ယခုလို ဆက်လက် ပြောဆိုသည်။

“ တောင်ဖူး တပ်မတော်ရေယာဉ်က မသင်္ကာလို့ ခေါ်စစ်တဲ့အခါမှာ မြေပုံမြို့နယ်ကနေ မူဆလင် ဒုက္ခသည်တွေ ဖြစ်နေတယ်။ သူတို့က သြဂုတ်လ ၂၆ ရက်နေ့ ညဉ့် (၁၁) နာရီခန့်မှာ မြေပုံ ဒုက္ခသည် စခန်းကနေ ခိုးထွက်လာကြတယ်။ သြဂုတ်လ ၂၇ ရက်နေ့ နံနက်အစောကြီးမှာ ဟင်တာပင်လယ်အော်ကို ဖြတ်ပြီး ဇီးချိုမော် ချောင်းထဲကို ၀င်တယ်။ အဲဒီကနေ ပေါက်တော ကျွဲကူးမြစ်ကို ၀င်လာတဲ့ အချိန်မှာ တောင်ဖူးရေတပ်က မသင်္ကာရာကနေ စစ်ဆေးတော့ ဖမ်းဆီးရမိတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ညွှန်ကြားသဖြင့် သြဂုတ်လ ၂၇ ရက်နေ့ နေ့လည် (၁)နာရီ မိနစ်(၃၀) အချိ်န်က မြေပုံမြို့နယ်၊ တောင်ပေါ်ဒုက္ခသည် စခန်းသို့ ပြန်လည်ပို့ဆောင်လိုက်ကြောင်း ရဲအရာရှိက အတည်ပြု ပြောကြားသည်။

အဆိုပါ သတင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူ၏ အတည်ပြုချက်ရယူရန် ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလိူင်သို့ ဖုံးထဲမှတဆင့် ဆက်သွယ်မေးမြန်းရာ မိမိမှာ စစ်တွေသို့ ရောက်ရှိနေသဖြင့် ၎င်းသတင်းကို မသိရှိကြောင်း ပြောဆိုသည်။

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ရှိ ဘင်္ဂါလီဒုက္ခသည် စခန်းတွင် ယခုနှစ် ဇွန်လမှ စတင်ကာ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မူအက်ဥပဒေဖြင့် စိစစ် ဆောင်ရွက်လျှက်ရှိရာ ယခု ထွက်ပြေးမူမှာ ယင်းစစ်ဆေးမူနှင့် ဆက်စပ်မူ ရှိ မရှိကို မသိရှိရသေးပါ။

Most read this week