ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA ၏ ကူညီထောက်ပံ့မှုဖြင့် ပေါက်ကွဲစေ တတ်သော အရာ ရှာဖွေပေးမည့် စက်ပစ္စည်းများကို မြန်မာနိုင်ငံ၏ လေဆိပ်ငါးခုတွင် ၂၀၁၅ ဖေဖော်ဝါရီလ အတွင်း အပြီးသတ် တပ်ဆင်သွားမည်ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက မဇ္ဈိမကို ပြောသည်။
အဆိုပါ စက်ပစ္စည်းများကို သြဂုတ် ၂၆ ရက်တွင် စတင်ကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သုံးလုံးနှင့် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်၌ နှစ်လုံးတပ်ဆင်ပြီးဖြစ်သည်။
ဆက်လက်၍ ညောင်ဦး၊ ဟဲဟိုး၊ ထားဝယ်လေဆိပ်များ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် တပ်ဆင်သွားရန် လည်း စီစဉ်နေသည်။
“ဒါတွေတပ်ဆင်လိုက်ရင် အနုကြည့်မှန်ပြောင်းနဲ့မှ မြင်ရတဲ့ ပစ္စည်းလိုမျိုး ပေါက်ကွဲစေတတ်တဲ့ အရာတွေတောင် ခရီးဆောင်အိတ်ကို မဖွင့်ဘဲ အာရုံခံနိုင်တယ်။ ဒီစက်တွေက အရင်တုန်းက တပ်ခဲ့တဲ့ X-Rays စက်တွေထက် ပိုပြီး လုံခြံုစိတ်ချရတယ်” ဟု ၎င်းက ဆိုသည်။
ဂျပန်နိုင်ငံအကူအညီဖြင့် တပ်ဆင်နေသောစက် Explosive Trace Detectors –EDT များအပြင် EDVOR/DME ရေဒါစနစ် Flight Procedure Design System၊ Voice Communication Control System၊Friction Testing Vehicle၊၊ မီးသတ်ကားများ၊ လေယာဉ်ပြေးလမ်းမီးများ၊ အလိုအလျောက်ရာသီဥတုတိုင်းတာသည့် စက်ကိရိ ယာများ၊ X-Rays စက်များကိုပါ ထားရှိရန်လည်း စီစဉ်နေသည်။
JICA က မြန်မာ့လေကြောင်းတွင် ကူညီထောက်ပံ့ပေးရန် ၂၀၁၂ ခုနှစ်က သဘောတူ လက်မှတ်ရေးထိုးထားခြင်း ဖြစ်သည်။ အဆိုပါစက်များသည် လေဆိပ်များတွင် ပထမဆုံးတပ်ဆင်သော စက်များဖြစ်ပြီး မြန်မာနိုင်ငံ လေကြောင်းနယ်နိမိတ်အတွင်း ခရီးသွားလာမည့် ခရီးသည်များ၏ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြံုရေး များကို အထောက်အကူပြုရန် ရည်ရွယ်သည်ဟုဆိုသည်။ စက်ပစ္စည်းများတန်ဖိုးကိုမူ လေဆိပ်တာဝန် ရှိသူက ထုတ်ဖော်ပြောဆိုခြင်း မပြုပေ။