“အဝတ် ပဲပြောင်းပြီး စိတ်ဓါတ်တွေက မပြောင်းဘူးဆိုရင် PR စနစ်ကို ကျင့်သုံးရင် ပိုပြီးဆိုးရွားလာမယ် လို့တော့ ကျမက မြင်ပါတယ်”

“အဝတ် ပဲပြောင်းပြီး စိတ်ဓါတ်တွေက မပြောင်းဘူးဆိုရင် PR စနစ်ကို ကျင့်သုံးရင် ပိုပြီးဆိုးရွားလာမယ် လို့တော့ ကျမက မြင်ပါတယ်”
by -
သံလွင်အေး

နိုင်ငံရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ကို ထိခိုက်စေနိုင်သည်ဟု ဝေဖန်မှုများရှိနေသည့် အချိုးကျ ကိုယ်စားပြု ရွှေးချယ် တင်မြောက်သည့် စနစ်(PR)ကို လာမည့် ရွှေး ကောက်ပွဲများတွင် ကျင့်သုံးရန် လွှတ်တော်တွင် ရုတ်တရက် တင်သွင်းခဲ့ပြီး ယင်းအဆိုဆွေးနွေးစဉ် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် များက

ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစေးအွာနှင့် တွေ့ဆုံမေးမြန်းခြင်း

နိုင်ငံရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ကို ထိခိုက်စေနိုင်သည်ဟု ဝေဖန်မှုများရှိနေသည့် အချိုးကျ ကိုယ်စားပြု ရွှေးချယ် တင်မြောက်သည့် စနစ်(PR)ကို လာမည့် ရွှေး ကောက်ပွဲများတွင် ကျင့်သုံးရန် လွှတ်တော်တွင် ရုတ်တရက် တင်သွင်းခဲ့ပြီး ယင်းအဆိုဆွေးနွေးစဉ် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် များက လွှတ်တော် မတက်ပဲ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည််ဖြစ်ရာ (PR)စနစ်နှင့် ပတ်သက်၍
တိုင်းရင်းသား ပါတီတခုဖြစ်သည့် ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစေးအွာနှင့် တွေ့ဆုံ မေးမြန်းခဲ့သည်များကို ကောက်နုတ်ဖော်ပြ အပ်ပါသည်။

မေး။     ။PR ဆိုတဲ့ ရွေးကောက်ပွဲ စနစ်အကြောင်းကို ဘယ်လိုမျိုး နားလည်ထားသလဲ။
ဖြေ။      ။PR စနစ်က ကမ္ဘာမှာ ဒီမိုကရေစီနိုင်ငံတွေမှာ ကျင့်သုံးနေကြတာဆိုတာ မှန်ပေမယ့်လို့ ကမ္ဘာမှာ ကျင့်သုံးတဲ့ နိုင်ငံတွေက နည်းပါတယ်။ PR လို့ ဆိုနေကြတဲ့အခါမှာ ပြည်သူလူထုတွေကကော ဒါတွေကို
သိနေပြီလား၊ လွှတ်တော် ကိုယ်စားလှယ် အများစုတောင်မှ မသိကြသေးဘူး၊ PR စနစ်ကို ကျင့်သုံးဖို့က ကျမသိရသလောက် ၄ မျိုးရှိတယ်လို့ သိရတယ်။ အဲဒီတော့ ဒီဟာတွေ အားလုံးကို ပြည်သူလူထုတွေကို ချပြဖို့လိုတယ်။ ကျမမြင်တာက သူတို့က ဒီစနစ်ကိုကျင့်သုံးဖို့ က ကြာပြီ၊ ဘာဖြစ်လို့လဲဆိုတော့
ကျမတို့ကြားဖြတ် ရွေးကောက်ပွဲ လုပ်ပြီးကတည်းက ဒီအသံကို ကြားနေရပြီ၊ အဓိက အကြောင်းအရင်းကတော့ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD အမတ်များက အများစု ရလာတယ်။ FPTP ကနေ PR စနစ်ကို ပြောင်းတော့ မယ် ဆိုတဲ့အခါမှာ ကျမတို့ တိုင်းရင်းသား ညီနောင်ပါတီတွေက အကြိမ်ကြိမ် စုပေါင်းတွေ့ဆုံပြီး တော့ PR စနစ် လက်မခံကြောင်းကို အကြိမ်ကြိမ် ထုတ်ပြန်ကြေညာချက် ထုတ်ခဲ့တယ်။ ကျမအမြင်ကတော့ PR စနစ် ကျင့်သုံးဖို့က လူပုဂ္ဂိုလ်တွေကြောင့်လား၊ ကျမတို့က သတ္တိရှိတယ်၊ FPTP စနစ်ကိုပဲ ကျင့်သုံးမယ်၊ အဲ့ဒါကိုပဲကြိုက်တယ်၊ ဘာဖြစ်လဲဆိုတော့ လူထုတွေက FPTP စနစ်ကို ရှင်းရှင်း လင်းလင်း သိရှိနေပြီး ဖြစ်ပါတယ်။ အခုက FPTP စနစ်ကနေ PR စနစ်ကို ပြောင်းဖို့ လုပ်ဆောင်နေတာကိုက ကျမနားမလည်း ဖြစ်နေတယ်၊ ပါတီတစ်ပါတီကြောင့်လား၊ လူပုဂ္ဂိုလ် တစ်ဦးဦးကြောင့်လား၊ လွှတ်တော်အမတ် တွေကြောင့်လား ဒါမှမဟုတ် ပြည်သူတွေ တောင်းဆိုမှုကြောင့်လား ဒါတွေကို လေ့လာစီစစ်ဖို့လိုပါတယ်။

မေး။     ။FPTP စနစ်နဲ့ PR စနစ်တွေရဲ့ ဆိုးကျိုး ကောင်းကျိုးတွေကို ပြည်သူတွေသိအောင် သုံးသပ်ပေးပါ။

ဖြေ။      ။PR လို့ ပြောနေတဲ့အခါမှာ အခုကျင့်သုံးနေတဲ့ FPTP စနစ်ကကော ဘယ်လောက် ဆိုးကျိုးတွေ ရှိနေလို့လဲ။ ကဲအခုတက်လာတဲ့အစိုးရက FPTP နဲ့တက်လာတယ်။ PR စနစ်ကို ကျင့်သုံးမယ်ဆိုရင် လက်ရှိကျင့်သုံး နေတဲ့စနစ်ရဲ့ ဆိုးကျိုးတွေကို ချပြရဲရမယ်။ ကျမအမြင်ကပေါ့နော် ဘယ်စနစ်ပဲသွားသွား
ဆိုးကျိုးကောင်း ကျိုးတော့ ရှိနေမှာပဲ။ ကျမသိရသလောက်ဆိုရင် FPTP စနစ်က ပါတီငယ် ပါတီကြီးတွေ ပါလာတာပဲပေါ့နော်။ PR စနစ်နဲ့ FPTP စနစ် နှစ်ခုကို ကျမတို့ နှိုင်းယှဉ်ရမယ်။ ကျမက ပြည်သူ့လွှတ်တော် ဥက္ကဌကိုလည်းပြောတယ်၊ ကျမတို့ ဒီမိုကရေစီ နိုင်ငံဖြစ်ဖို့ သွားတဲ့အခါမှာ အကွေ့အကောက်တွေ အများကြီးရှိနေသေးတယ်။ အကွေ့အကောက်တွေ အခက်အခဲတွေ များနေတဲ့ အချိန်မှာ ကျမတို့ဆန္ဒစောပြီး သိပ်ဖြစ်ချင်တဲ့အရာတွေ များနေလို့ရှိရင်လည်း မဖြစ်ဘူး။ ခဏလေး ၄၃၆ ပုဒ်မ ပြောင်းဖို့၊ အခုတစ်ခါ
PR စနစ်ကို ပြောင်းဖို့ လုပ်နေပြန်ပြီးပေါ့နော်၊ ၄၃၆ ကတော့ ပြည်သူလူထုတွေက တောင်းဆိုလို့ ဖြစ်တယ်။ အခုတစ်ခါ ဒီ PR စနစ်ပြောင်းပေးဖို့ လွှတ်တော်မှာ အဆိုတင်ကြတော့ ပြည်သူလူထုတွေ တောင်းဆိုနေတာ တော့ မဟုတ်ဘူး။ လွှတ်တော်မှာ ပါတီကြီးက တောင်းဆိုနေတာဖြစ်တယ်။ တကယ်လို့ ဒီ PR ကို ပြည်သူလူထု တွေက တောင်းဆို နေကြတယ်ဆိုရင်တော့ ကျမတို့ စဉ်းစားရတော့မှာပေါ့။ ဒီစနစ်နှစ်ခုဟာ ယှဉ်ပြီးတော့မှ ဘယ်ဟာက ကောင်းကျိုးဆိုးကျိုးပိုများ သလဲဆိုတာ ယှဉ်ကြည့်ရမယ်။ ကဲနောက်ဆုံး ကောင်းကျိုးများတဲ့ဟာကို ကျမတို့ ရွှေးရမယ်။ FPTP စနစ်ကတော့ မဲအများဆုံးရတဲ့သူက အနိုင်ဖြစ်တယ်။ ပြီးတော့ အစိုးရအဖွဲ့ကိုဖွဲ့နိုင် တယ်။ သမ္မတတို့ လွှတ်တော် ဥက္ကဌတို့ ရွှေးချယ်ရာမှာလည်း အနိုင်ရပါတီက လွယ်ကူစွာရွေးချယ်နိုင်တယ်။ လွှတ်တော်မှ ကော်မတီအဖွဲ့ ဖွဲ့တဲ့အခါမှာလည်း လွယ်ကူချောမွေ့စေတယ်။ ဒါတောင်မှ အာဏာရ ပါတီအချင်း ချင်း အပွတ်အတိုက်တွေ ရှိနေသေးတယ်နော်၊ ကျမအနေနဲ့ ဆိုးကျိုးကို သိပ်မတွေ့ရဘူး။ PR စနစ်ကို ကျင့်သုံးတော့မယ်ဆိုရင်တော့ ပြည်သူလူထုတွေ လက်မခံတဲ့သူတွေ ရှုံးတဲ့သူတွေလည်း ဒီလွှတ်တော်ထဲမှာ ပါလာတော့မယ်။ မဲကသုံညကွဲရင် အချိုးကျနဲ့ ပါလာတော့မယ်ကိုး၊ သူရှုံုးလည်း ပါလာမယ်။ ဆိုးကျိုုးက
ပြည်သူတွေ လက်မခံတဲ့သူတွေလည်း လွှတ်တော်မှာပါလာတယ်။ ပြည်သူ့ကိုယ်စားအစစ်အမှန် မရဘူး၊ပြီးတော့ အရည်အချင်းတွေလည်း မရှိကြတော့ဘူး၊ အခွင့်အရေး သမားတွေလွှတ်တော်မှာ များလာမယ်။ တစ်ခုလုပ်တိုင်း လုပ်တိုင်းမှာ အရည်အချင်းရှိတဲ့ သူတွေနည်းပြီးတော့ အငြင်းပွားမှုတွေများပြီး ပြဿနာတွေ များလာမယ် သိပ်အလုပ်မဖြစ်ဘူးပေါ့နော်။ အဲ့ဒီတော့ ညွန့်ပေါင်း အစိုးရပဲ ပေါ်လာမယ်။ ညွန့်ပေါင်းအစိုးရဆိုတာက
လုပ်ငန်းစဉ်တစ်ခု ဆုံးဖြတ်နိုင်ဖို့က အလွန်နှေးကွေးပြီး အချို့ဆိုရင် ဆုံးဖြတ်ချက်တောင် မချနိုင်ပဲရှိတယ်။

မေး။     ။မြန်မာနိုင်ငံမှာ ရွှေးကောက်ပွဲစနစ်ကို ဘယ်စနစ်နဲ့ ကျင့်သုံးရင် အသင့်တော်ဆုံးဖြစ်မလဲ။

ဖြေ။      ။ဘယ်စနစ်ပဲကျင့်သုံးကျင့်သုံး လွှတ်တော်မှာ ပါလာတဲ့လူတွေက အဓိကတော့ မိမိတွေးခေါ်ပုံ တွေးခေါ်နည်း (mindsets)များကို ပြောင်းလဲဖို့တော့ လိုတယ်။ ဘာဖြစ်လဲဆိုတော့ ဟိုဘက်က ယူနီဖေါင်း
၀တ်ထားပြီး ဒီဘက်က အရပ်ဝတ်နဲ့ ပြောင်းလာတဲ့အခါ ယူနီဖေါင်းကို ချွတ်ထားပြီးတော့မှ စိတ်ဓါတ်တွေကို လည်း ပြောင်းဖို့လိုတယ်။ စိတ်ဓါတ်တွေ ပြောင်းနိုင်မှပဲ စစ်မှန်တဲ့ ဒီမိုကရေစီ ဖြစ်လာနိုင်မယ်။ အဝတ်ပဲပြောင်း ပြီး စိတ်ဓါတ်တွေက မပြောင်းဘူးဆိုရင် PR စနစ်ကိုကျင့်သုံးရင် ပိုပြီး ဆိုးရွားလာမယ်လို့တော့ ကျမကမြင်ပါတယ်။

မေး။     ။ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီအနေနဲ့ ဘာကြောင့် PR စနစ်ကို လက်မခံရသလဲ။

ဖြေ။      ။ကျမတို့ ဖလုံ-စဝေါ်ပါတီပဲ မဟုတ်ဘူး၊ တိုင်းရင်းသား ညီနောင်ပါတီတွေ အားလုံးက ဘာကြောင့် PR ကို လက်မခံရသလဲဆိုတာက မိမိတို့ပြည်နယ်မှာ မဲများသူ နိုင်ကြေးဆိုတဲ့ စနစ်ကိုပဲ လက်ခံတယ်။
ဘာဖြစ်လဲ ဆိုရင် ဖက်ဒရယ် အစစ်အမှန်ကို သွားမယ်ဆိုရင် အဲ့ဒီ FPTP စနစ်ကိုသုံးမှဖြစ်မှာပါ။

မေး။     ။အကယ်၍ ဒီ PR စနစ်ကို လွှတ်တော်က ကျင့်သုံးဖို့ အတည်ပြုလိုက်ပြီးဆိုရင် ဖလုံစဝေါ် ဒီမိုကရက်တစ် ပါတီအနေနဲ့ ဘာတွေလုပ်ဖို့ အစီစဉ်ရှိပါသလဲ။

ဖြေ။      ။အဲ့တာကတော့ ပြည်သူ့လွှတ်တော်ဥက္ကဌလည်းဖြစ်၊ ပြည်ထောင်စု လွှတ်တော်နာယကလည်းဖြစ်တဲ့ သူရဦးရွှေမန်းက ကတိပေးထားပါတယ်။ ဒီ PR စနစ်ကို အမျိုးသားလွှတ်တော်မှာ ဆွေးနွေးကတည်းက လွှတ်တော်မှာ ရောက်နေကြတဲ့ တိုင်းရင်းသားပါတီတွေပေါ့ မိမိတို့ပါတီရဲ့ သဘောထားမှတ်ချက်တွေကို
တင်ပါတယ်။ ချက်ခြင်းပဲ ဥက္ကဌက တစ်ပါတီကို ၂ ဦးနဲ့ တိုင်းရင်းသား ပါတီတွေကို ခေါ်တွေ့ပါတယ်။ သူအနေနဲ့ပေါ့ တစ်ဖက်က တင်လာတာကို တားလို့မရဘူး၊ ပြီးတော့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး တွေလည်း မပိတ်ပင်ပါဘူး၊ တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေကိုလည်း သူ့အနေနဲ့ အသိအမှတ်ပြုပါတယ်။
သူအတတ်နိုင်ဆုံး အကောင်းဆုံး စနစ်တစ်ခုဖြစ်အောင် လုပ်ပေးပါ့မယ်လို့ ပြောပါတယ်။ ပြီးတော့ PR စနစ်ကျင့်သုံးဖို့ အမျိုးသား လွှတ်တော်မှာကော ပြည်သူ့ လွှတ်တော်မှာကော NDF ပါတီက အဆိုတင်လာတယ်။ ဒါပေမယ့် အမျိုးသား လွှတ်တော်မှာ တင်တဲ့အဆိုနဲ့ ပြည်သူ့ လွှတ်တော်မှာ တင်တဲ့ အဆိုနဲ့ ကွဲလွဲမှုတွေ ရှိပြန်ရော။ အဲ့လို ကွဲလွဲမှုတွေကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အမတ်တစ်ဦးက ဘာကြောင့် အဆိုကွဲလွဲနေရ ပါသလဲဆိုတာ ပြန်ထောက်ပြရပြီး နောက်ဆုံး လွှတ်တော်ရီကော (recording)ကို ပြန်လည် ဖွင့်ရတဲ့အထိပေါ့။ တခါမှ လွှတ်တော်မှာ ဒီလိုအဖြစ်မျိုးမဖြစ်ခဲ့ဘူး။ အမျိုးသား လွှတ်တော်ဥက္ကဌနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌတွေ သိက္ခာကျတာပေါ့နော်။ ကျမတို့ ပါတီ သဘောထားတွေကိုလည်း တင်ပြခဲ့ပြီးပြီ၊ ပြည်သူ့လွှတ်တော်
ဥက္ကဌကလည်း ကျမတို့ကို ကတိခံခဲ့ပြီးပြီ၊ သူတို့က ကျင့်သုံးဦးမယ်ဆိုရင်တော့ သက်ဆိုင်ရာ မိမိတို့ပါတီရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်ကို ယူပြီးတော့ လာမယ့် ရွေးကောက်ပွဲမှာ ၀င်ကြဦးမလား မဝင်ဘူးလား၊ မိမိတို့ ပြည်သူအများရဲ့ဆန္ဒကို ယူပြီးတော့မှ ကျမထင်တယ် တွေ့ဆုံးပွဲ ကြီးကြီးတစ်ခုကို လုပ်ကိုလုပ်ရလိမ့်မယ်။ အခုအချိန်မှာ ကျမဆန္ဒတစ်ဦးနဲ့တော့ ပြောလို့မရသေးပါဘူး။

မေး။     ။ဒီကိစ္စနဲ့ ပတ်သက်၍ နောက်ထပ်ဘာတွေပြောကြားချင်သေးလဲ။

ဖြေ။      ။ကျမထပ်ပြောချင်တာကတော့ ဒီမိုကရေစီနဲ့ အညီ တိုင်းရင်းသားတွေ တောင်းဆိုနေတာ ကတော့ ဖယ်ဒရယ် စနစ်ပေါ့နော်။ စစ်မှန်တဲ့ ဖယ်ဒရယ်စနစ်ကို ကျင့်သုံးစေချင်ရင် တိုင်းရင်းသားတွေရဲ့ လိုလားချက် တွေကို အလေးထား သင့်တယ်။ လောလောဆယ်မှာ ကျမတို့နိုင်ငံမှာ ရွေးကောက်ပွဲစနစ်ကို FPTP စနစ်ကိုပဲ
ကျင့်သုံးသင့်တယ်လို့ မြင်ပါတယ်။

ဒေါ်နန်းစေးအွာ (ပြည်သူ့လွှတ်တော်အမတ်) ဖားအံမဲဆန္ဒနယ်၊ ကရင်ပြည်နယ်၏ ကိုယ်တိုင်ပြော ကိုယ်ရေး အကျဉ်းချုပ် ပြည်သူ့လွှတ်တော်အမတ် နန်းစေးအွာရဲ့ မွေးဇာတိမှာ ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ရသေ့ပျံရွာမှာဖြစ်တယ်။

ပညာရေး

ရသေ့ပျံရွာ အခြေခံမူလတန်းကျောင်းမှာ အောင်မြင်ပြီးတော့ အလယ်တန်းကျောင်း အောင်မြင်တာတော့ ဖားကပ်ရွာမှာ ဖြစ်တယ်။ အထက်တန်းကတော့ ဖားအံမြို့ အ.ထ.က(၂)မှာ အောင်ခဲ့တယ်။ ၁၉၇၇ ခုနှစ်မှာ ၁၀ တန်းကို အောင်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ ဖားအံဒေသ ကောလိပ်မှာ တက်ခဲ့တယ်။ ၁၉၈၇ နောက်ပိုင်းမှာ
ကျောင်းဆရာမ အနေနဲ့ဝင်လုပ်ခဲ့တယ်။ ဆရာမ လုပ်သက် ၁၅ နှစ်မှာ အငြိမ်းစားယူခဲ့တယ်။

ပါ၀င်ဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်းများ

၁၉၉၉ ကနေပြီးတော့၂၀၀၃ ခုနှစ်အထိ save the children မှာ အလုပ်ပြန်လုပ်တယ်။ အဲဒီမှတစ်ဆင့် ကရင်စာ ပေ ယဉ်ကျေးမှု အသင်းမှာ ဒုတိယဥက္ကဌအနေနဲ့ ပြန်ပြီးဝိုင်းကူတယ်။ နိုင်ငံရေးတွင် စတင်ဝင်ရောက်ခြင်း အရင်တုန်းကဆိုရင် နိုင်ငံရေးကို ကျမစိတ်မဝင်စားဘူး၊ နိုင်ငံရေးကိုလည်း ကျမကြောက်တယ်။ ဒါပေမယ့် အမျိုးသားရေးအတွက် လိုအပ်ချက်အရပဲ ပြောရမလား၊ ၂၀၁၀ ရောက်တော့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမှာ ၀င်ပြီး ရွေးကောက်ပွဲ ၀င်တယ်။ မမျှော်လင့်ပဲ ပြည်သူတွေက ကျမကို မဲပေးကြပါတယ်။ သူတို့ မဲပေးမှုကြောင့်
ကျမလည်း ပြည်သူတွေအတွက် အစွမ်းရှိသလောက် ပြည်သူ့ လွှတ်တော်အမတ်တစ်ဦးအနေနဲ့ အတတ်နိုင်ဆုံး လုပ်ပေး သွားခဲ့ပါတယ်လို့ ပြည်သူတွေကို အသိပေး ပြောချင်ပါတယ်။