လားရှိုးမြို့နယ်ရှိ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ)မှ မြို့နယ် အလုပ်အမှုဆောင်များ အပါအဝင် ပါတီဝင် ၄ဝခန့်တို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(ကျားခေါင်း) သို့ ကူးပြောင်း လာသည်ဟု ကျားခေါင်းပါတီမှ ရှမ်းပြည်တောင်ပိုင်း အတွင်းရေးမှူး ဦးစိုင်းလင်းမြတ်က မဇ္ဈိမကို ပြောသည်။
ကျားခေါင်းပါတီ ဥက္ကဋ္ဌ ဖြစ်သည့် ဦးခွန်ထွန်းဦး လာရှိုးမြို့သို့ ရောက်ရှိနေစဉ် ၎င်းတို့ ပါတီသို့ ကူးပြောင်းလာသူများကို ဩဂုတ်လ ၂၄ရက်က မြို့နယ်ရုံးတွင် ပါတီဝင် လျှောက်လွှာပေးအပ်ခဲ့ခြင်းဖြစ်သည်။
“ပါတီပေါင်းစည်းရေးကတော့ တစ်ဖက်ပေါ့။ ပေါင်းစည်းရေးကတော့ ကျွန်တော်တို့ ကြိုးစားနေတယ်။ သူတို့ ဝင်လာတာကတော့ ပုဂ္ဂိုလ်ရေးပေ့ါ။ မဝင်နဲ့လို့လည်း တားလို့မရဘူး။ ဝင်ပါလို့လည်း ကျွန်တော်တို့ တိုက်တွန်းလို့မရဘူးလေ” ဟု ဦးစိုင်းလင်းမြတ် က ပြောသည်။
ယခုကဲ့သို့ ပါတီဝင်များ ကူးပြောင်းသွားမှုအပေါ် ကျားဖြူပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကို မဇ္ဈိမက ဆက်သွယ် မေးမြန်းရာ ၎င်းအနေဖြင့် မသိရှိရသေးဟု ဆိုသည်။
ကျားဖြူပါတီမှ အမျိုးသားလွှတ်တော်အမတ် ဦးစိုင်းစံမင်းကမူ “ရှမ်းပါတီအချင်းချင်းပဲဗျာ။ ပြောင်းတာရွှေ့တာ ကျွန်တော်တို့အတွက် ဘာမှ အရေးကြီးခွင်ကျယ်တော့ မဟုတ်ပါဘူး။ ဒါတွေက နဂိုကတည်းက မျှော်လင့်ထားပြီးသားပါ။ ကျွန်တော်တို့အတွက် အထူးအဆန်း မဟုတ်ပါဘူး” ဟု ဆိုသည်။
သို့သော် ပါတီမှ နုတ်ထွက်မှုများကြောင့် လာမည့်ရွေးကောက်ပွဲများတွင် ကျားဖြူပါတီ အင်အားအနေဖြင့် “အတိုင်းအတာတစ်ခုထိတော့ နည်းသွားနိုင်တာပေါ့ဗျာ” ဟု ဦးစိုင်းစံမင်းက ပြောသည်။
အဆိုပါ နှစ်ပါတီသည် ပေါင်းစည်းရေး ဆွေးနွေးရန် နှစ်ဖက် ကမ်းလှမ်းထားကြသည်မှာ ခြောက်လကျော်ကြာ မြင့်ပြီ ဖြစ်သော်လည်း ရလာဒ် တစ်စုံတစ်ရာ ထွက်ပေါ်ခြင်း မရှိသေးပေ။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ)သည် ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ကာလတွင် ဖွဲ့စည်းသည့် ပါတီဖြစ်သည်။
၎င်းင်းတို့ဖွဲ့စည်းစဉ်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်း)ပါတီသည် ခေါင်းဆောင်များ ထိန်းသိမ်းခံထားရပြီး တရားဝင် ရပ်တည်နိုင်ခြင်းမရှိခဲ့ပေ။ ကျားခေါင်းပါတီသည် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ မတိုင်မီ ကာလက တည်ထောင်ခဲ့သည့် ပါတီဖြစ်သည်။