ကျပ်ဘီလီယံချီ ကုန်မည့် ရန်ကုန်မြို့သစ် စီမံကိန်း ရုတ်တရက် ပေါ်ထွက်လာ

ကျပ်ဘီလီယံချီ ကုန်မည့် ရန်ကုန်မြို့သစ် စီမံကိန်း ရုတ်တရက် ပေါ်ထွက်လာ
by -
မဇ္စျိမ

ရန်ကုန်တိုင်း အတွင်း မြေဧက ၃၀,၀၀၀ အသုံးပြုကာ ကျပ်ငွေ ဘီလီယံပေါင်း များစွာ အကုန်အကျ ခံ၍ ရန်ကုန်မြို့သစ် စီမံကိန်း တစ်ခု ဖော်ဆောင်ရန် မြန်မာ့ စေတနာ မြို့သစ် အများပိုင် ကုမ္ပဏီ လီမိတက်ကို တာဝန်ပေး ထားသည်ဟု တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ၏ ရုတ်တရက် ထုတ်ပြန်မှုကို အစိုးရ အရာရှိကြီးများ အပါအဝင် အမတ်များနှင့် လုပ်ငန်းရှင်များ အံ့အားသင့် ကုန်ကြသည်။

အဆိုပါ မြို့သစ် စီမံကိန်းနှင့် စပ်လျဉ်း၍ သြဂုတ် ၂၂ ရက်တွင် ကျင်းပသော ရန်ကုန်တိုင်း လွှတ်တော် အစည်း အဝေးသို့ တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေက သဝဏ်လွှာ ပေးပို့ ခဲ့ခြင်း ဖြစ်သည်။

သဝဏ်လွှာကို ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ဖတ်ကြား ခဲ့ပြီး စီမံကိန်း စတင်ချိန်မှ သုံးနှစ် အတွင်း ရ၀ ရာ ခိုင်နှုန်း ပြီးစီးရန် ဆောင်ရွက် မည်ဟု ပါ၀င်သည်။ သို့သော် မည်သည့် အချိန်တွင် လုပ်ငန်း စတင်မည် ဆိုသည် ကိုမူ သဝဏ်လွှာတွင် ဖော်ပြ မထားပေ။

ရန်ကုန်မြို့သစ် စီမံကိန်း အချက်အလက် များကို မြို့တော်ဝန်က ဖတ်ကြား ရာတွင် “ရင်းနှီး မြှုပ်နှံ မည့်ငွေ ကျပ် ဘီလီယံ ရ,၀၀၀ နှင့် ကန်ဒေါ်လာ ရှစ်ဘီလီယံ”ဟု ပါ၀င်သည်။

စီမံကိန်း အတွက် ရန်ကုန်မြို့၏ အနောက်ဘက် ပန်းလှိုင်မြစ်နှင့် တွံတေး တူးမြောင်း အကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေး ကားလမ်း အကြားရှိ ကြည့်မြင်တိုင်၊ ဆိပ်ကြီး ခနောင်တိုနှင့် တွံတေးမြို့ နယ် အတွင်း ရှိ မြေဧကများ အသုံးပြုမည်ဟု သဝဏ်လွှာတွင် ပါသည်။ စီမံကိန်း၏ ကြိုတင် လုပ်ဆောင်မှု များကို သတင်း လုံခြံုမှုဖြင့် ဆောင်ရွက် ခဲ့သည်ဟု သဝဏ်လွှာတွင် ပါသော်လည်း မည်သည့် အတွက်ကြောင့် ဆိုသည်ကိုမူ ရှင်းလင်း ထားခြင်း မရှိပေ။

ရန်ကုန် မြို့တော်ဝန် ဦးလှမြင့်က “ရန်ကုန်မြို့သစ် စီမံကိန်းအား အကောင် အထည် ဖော်ဆောင်ရေး အတွက် ကြိုတင် ဆောင်ရွက်မှုများ ပြုလုပ် ရာတွင် မလိုလား အပ်သည့် ရှုပ်ထွေးမှု များ ပေါ်ပေါက်နိုင် သဖြင့် စီမံကိန်း သတင်း လုံခြံုမှုကို ကန့်သတ် ဆောင်ရွက် ခဲ့ရခြင်း ဖြစ်ပါ သည်”ဟု လွှတ်တော်သို့ ၀န်ကြီးချုပ် ကိုယ်စား သဝဏ်လွှာ ဖတ်ပြခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း လွှတ်တော် အမတ်တို့ထံ စီမံကိန်း ဆိုင်ရာ ကိစ္စများ ကြိုတင် မသိရှိရခြင်း၊ သဝဏ်လွှာကို လက် ၀ယ်သို့ ဖြန့်ဝေမှု မရှိခြင်း၊ ဆွေးနွေးခွင့် မရခြင်းတို့ အပေါ် သင်္ကန်းကျွန်း မြို့နယ်မှ တိုင်းလွှတ်တော် အမတ် ဦးကျော်က “ဘာမှန်းကို မသိဘူး။ ဘလိုင်းကြီး ဖြစ်သွားတာ။ ဒါကို ဆွေးနွေးဖို့ တစ်လှည့် မရ တစ်လှည့်တော့ တောင်းဆို ရမှာပဲ”ဟု ပြောသည်။

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို စိစစ် ခွင့်ပြုရသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC အတွင်းရေးမှူး ဦးအောင်နိုင်ဦး ကလည်း ယင်းစီမံကိန်းနှင့် ကုမ္ပဏီကို သိရှိခြင်း မရှိဟု မဇ္ဈိမကို ပြောသည်။

ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်လည်း ဖြစ်သူ ဦးအောင်နိုင်ဦး က “ရန်ကုန် မြို့သစ် စီမံကိန်း ဆိုတာကြီး ကိုတောင် မသိသေး ပါဘူး။ ဒါနဲ့ ပတ်သက်ပြီး ရင်းနှီး မြှုပ်နှံမှု လုပ်ဖို့ တင်ပြတာ တွေလည်း မရှိပါဘူး။ နောက်ပြီး မြန်မာ့ စေတနာ မြို့သစ် အများပိုင် ကုမ္ပဏီ လီမိတက် ဆိုတဲ့ အမည်ကိုလည်း ကျွန်တော် မသိသေးဘူး”ဟု ဆိုသည်။

အလားတူ ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးမောင်မောင်သိမ်း ကလည်း “ရန်ကုန်မြို့သစ် စီမံကိန်း လုပ်မယ် ဆိုတာကို အခုမှပဲ သိရတာ ဖြစ်ပါတယ်။ ဌာနချင်း မတူလို့ မသိတာလည်း ဖြစ်နိုင် ပါတယ်”ဟု မဇ္ဈိမကို ပြောသည်။

မြန်မာ့ စေတနာမြို့သစ် အများပိုင် ကုမ္ပဏီ လီမိတက်နှင့်ပတ်သက်၍ ၀န်ကြီးချုပ်၏ သဝဏ်လွှာတွင် “နိုင်ငံ သားများဖြင့် စုစည်း ထားသော မြန်မာ့ စေတနာမြို့သစ် အများပိုင် ကုမ္ပဏီ လီမိတက်အား တာဝန် ပေးအပ်၍ အကောင် အထည်ဖော် ဆောင်ရွက် သွားရန် စီမံထား ပါသည်။ အဆိုပါ အများပိုင် ကုမ္ပဏီ လီမိတက် အနေဖြင့် ခေတ်မီ စီမံကိန်း၊ မြို့ပြ စီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်မှု အပေါ် ဒေသခံ ပြည်သူ လူထုများ၏ သဘော တူညီချက်များ ရရှိထားပြီး ဖြစ်ပါသည်။ နည်းစနစ် ကျနမှု နှင့် ဘဏ္ဍာ ရန်ပုံငွေ များလည်း ခိုင်မာမှု ရှိကြောင်း စိစစ် တွေ့ရှိ ရပါသည်”ဟု ဖော်ပြ ထားသည်။

ဆောက်လုပ်ရေးလုပ်ငန်း လောကအတွင်း ရန်ကုန်မြို့သစ်စီမံကိန်းကို ဆောင်ရွက်မည်ဆိုသည့် မြန်မာ့စေ တနာမြို့သစ် အများပိုင်ကုမ္ပဏီကို “ကြားပင်မကြားဖူး”ဟု တော်ဝင်ဆောက်လုပ်ရေးကုမဏီဥက္ကဋ္ဌ ဦးကိုကို ထွေးက ပြောသည်။

မြို့တော်ဝန် သဝဏ်လွှာ ဖတ်ပြအပြီး ဗဟန်းမြို့နယ် အမတ် ဒေါက်တာ ညိုညိုသင်းက စီမံကိန်း ကိစ္စ ဆွေးနွေး ခွင့်ပြုရန် အရေးဆိုခဲ့ သော်လည်း ရန်ကုန်တိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက မှတ်ချက် တစ်စုံတစ်ရာ မပြုခဲ့ပေ။

“လျှို့ဝှက်ပြီးတော့ အခုမှ လွှတ်တော်မှာ ဘွားခနဲ ထုတ်ပြတာဟာ ဒီကနေ့ သွားနေတဲ့ ဒီမိုကရေစီ စံနှုန်းတွေနဲ့ မညီဘူး။ စီမံကိန်းကြီးကို အစိုးရအဖွဲ့ရဲ့ သဘောထား တစ်ခုတည်းနဲ့ ၀ုန်းကနဲ မလုပ်သင့်ဘူး”ဟု ဒေါက်တာ ညိုညိုသင်းက လွှတ်တော် အစည်းအဝေး အပြီး သတင်းထောက် များကို ပြောသည်။

ယင်းစီမံကိန်းတွင် နိုင်ငံတော်မှ ခံစားခွင့် အကျိုးအမြတ်များ အဖြစ် အဆင့်မြင့် တန်ဖိုးနည်း အိမ်ရာ အခန်းပေါင်း ၂၀,၀၀၀၊ မိဘမဲ့ ကလေးဦးရေ ၂,၀၀၀ ထားနိုင်မည့် အဆင့်မြင့် ကျောင်းတစ်ကျောင်း၊ ဦးရေ ၂,၀၀၀ ဆံ့ ခေတ်မီ ဘိုးဘွားရိပ်သာ တစ်ဆောင်၊ တံတားကြေး ကောက်ခံခြင်း မပြုဘဲ ခြောက်လမ်းသွား မြစ်ကူး တံတား ငါးစင်း တို့ကို လုပ်ကိုင်ခွင့် ရရှိသည့် ကုမ္ပဏီက တည်ဆောက်ပေး သွားမည်ဟု သဝဏ်လွှာတွင် ပါရှိ သည်။ စီမံကိန်း တည်ဆောက်မည့် မြေဧက သုံးသောင်းတွင် လယ်မြေများလည်း ပါ၀င်သဖြင့် တည်ဆဲ လယ်ယာမြေ ပုဒ်မ ၂၉ အရ နိုင်ငံတော်၏ ရေရှည် အမျိုးသား အကျိုးစီးပွား အလို့ငှာ လယ်ယာမြေကို အခြားနည်း အသုံးပြု ရန် ခွင့်ပြုချက် ရရှိထားပြီဟု ဆိုသည်။

ထိုမြေများကို မြို့မြေအဖြစ်သတ်မှတ်ကာ အမိန့်ကြေညာစာသတ်မှတ်ရေးအတွက် တည်ဆဲဥပဒေ၊ နည်းဥ ပဒေလုပ်ထုံးလုပ်နည်းများနှင့် ဆောင်ရွက်နေသည်ဟုလည်း တိုင်းဝန်ကြီးချုပ်၏ သဝဏ်လွှာတွင် ရေးသား ထားသေးသည်။