ကျပ်သန်းတစ်ထောင် ငွေကွာဟမှု မွန်ပြည်နယ်အစိုးရ မဖြေရှင်းနိုင်သေး

ကျပ်သန်းတစ်ထောင် ငွေကွာဟမှု မွန်ပြည်နယ်အစိုးရ မဖြေရှင်းနိုင်သေး
by -
မဇ္စျိမ

မွန်ပြည်နယ် အစိုးရ၏ ၂၀၁၄-၁၅ အသုံးစရိတ်နှင့် ပြည်ထောင်စုဘတ်ဂျက် ဥပဒေ ပြည်နယ်ဘတ်ဂျက်ဥပဒေပါ အသုံးစရိတ်တွင် ကျပ်သန်းတစ်ထောင်ကွဲလွဲနေသည်ကို ပြည်နယ်အစိုးရက တရားဝင်ဖြေရှင်းပေးသင့်ကြောင်း မွန်ပြည်နယ်လွှတ်တော် အဆို၊ အမေး ဥပဒေများ အကောင်အထည်ဖော်မှု လေ့လာသုံးသပ်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

“အခု အစိုးရက ဖြေရှင်းတာက ပါးစပ်နဲ့ပဲ။ ဘယ်နေရာမှာ ဘယ်လောက်သုံးတယ်ဆိုတာကိုပဲ ပြောနေတာ။ ကျွန်တော်တို့က စာရင်းဇယားနဲ့ ဘယ်ကဏ္ဍမှာ သုံးထားတယ်ဆိုတာကို တရားဝင်ဖြေရှင်းပေးဖို့ စာပို့ပြီး တောင်းထားတာပါ”ဟု ၎င်းက ပြောသည်။

၂၀၁၄-၁၅ ဘဏ္ဍာနှစ်၌ မွန်ပြည်နယ် အသုံးစရိတ်အတွက် ပြည်ထောင်စုအစိုးရက ကျပ်ငွေ ၃၅,၅၀၃ ဒသမ ၁၈၄ သန်းကို ထောက်ပံ့ပေးခဲ့သည်။ သို့သော်လည်း မွန်ပြည်နယ်ဘဏ္ဍာငွေ ရသုံးဆိုင်ရာ ဥပဒေဇယား (၃)တွင် ထောက်ပံ့ငွေ ပြည်ထောင်စုအစိုးရမှ ထောက်ပံ့ငွေကျပ် ၃၄,၅၀၃ ဒသမ ၁၈၄ သန်းဟုသ ာဖော်ပြထားသဖြင့် သန်း ၁,၀၀၀ တိတိ ကွဲလွဲနေခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့်လည်း ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်၌ မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးကျင်ဖေမှတစ်ဆင့် မွန်ပြည်နယ် ၀န်ကြီးချုပ်ထံသို့ လိပ်မူကာ ထိုဘတ်ဂျက်စာရင်း ကွာခြားမှုရှိနေခြင်းကို တရားဝင်ဖြေရှင်းပေးရန် စာပို့၍ တောင်းဆိုခဲ့သည်ဟု ပေးပို့စာအရ သိရသည်။

သို့သော်လည်း ဤကွဲလွဲမှုမှာ အခြားခေါင်းစဉ်ဖြစ်သည့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ထောက်ပံ့ပေးရာ၌ အသုံးပြုထားခြင်းဖြစ်ကြောင်းလည်း အစောပိုင်း၌ ပြည်နယ်အစိုးရအဖွဲ့က နှုတ်ဖြင့် သတင်းမီဒီယာများကို ရှင်းလင်းပြောကြားခဲ့ခြင်းများ ရှိခဲ့သည်။

ပြည်ထောင်စုဘတ်ဂျက် ဥပဒေနှင့် ပြည်နယ်ဘတ်ဂျက်ဥပဒေတို့၌ ထို့သို့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ထောက်ပံ့စရိတ်နှင့် ပြည်နယ်အစိုးရ အသုံးစရိတ်ကို တစ်ပေါင်းတည်း အသုံးပြုရန် ပြဋ္ဌာန်းထားခြင်း မရှိကြောင်းနှင့် ထိုသို့ အသုံးပြုခဲ့ခြင်းမှာ ဘတ်ဂျက်ဥပဒေနှင့် ညီညွတ်မှုမရှိဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

ထိုကွဲလွဲမှုကို တရားဝင်ဖြေရှင်းပေးရန်လည်း ပြီးခဲ့သည့် ဇူလိုင်လကုန်မှစ၍ ပြည်နယ်ဝန်ကြီးချုပ်ထံ လိပ်မူကာ မွန်ပြည်နယ် လွှတ်တော် အဆို၊ အမေး ဥပဒေများ အကောင်အထည်ဖော်မှု လေ့လာသုံးသပ်ရေး ကော်မတီမှ တရားဝင်စာပို့၍ တောင်းဆိုခဲ့သော်လည်း ယနေ့အထိ ဖြေရှင်းပေးခဲ့ခြင်း မရှိသေးကြောင်း ဆိုသည်။

“ကျွန်တော် ၀န်ကြီးတွေရှေ့မှာရော မီဒီယာတွေရှေ့မှာရော ပြောပါတယ်။ ကျွန်တော်တို့ အခုသုံးနေတာက ပြည်သူတွေရဲ့ ငွေတွေပါ။ ပြည်သူ့ငွေတွေကို ဘယ်နေရာမှာ ဘယ်လိုသုံးလဲဆိုတာ ပွင့်လင်းမြင်သာမှုရှိရှိ ပြသပါတယ်။ ဒီလိုမပြနိုင်ခဲ့ဘူးဆိုရင် ကျွန်တော်တို့ အစိုးရအဖွဲ့ဟာလည်း တရားမျှတမှုရှိတဲ့ အစိုးရအဖွဲ့မဟုတ်ပါဘူး”ဟု ဒေါက်တာအောင်နိုင်ဦးက သုံးသပ်ပြောကြားခဲ့သည်။

ထိုသို့ အသုံးစရိတ်ကွာခြားနေမှုရှိသည်ဟု မွန်ပြည်နယ်လွှတ်တော် အဆို၊ အမေး ဥပဒေများ အကောင်အထည်ဖော်မှု လေ့လာသုံးသပ်ရေး ကော်မတီက တရားဝင် စာပို့၍ တောင်းဆိုထားသည့်အပေါ် မည်သို့ လုပ်ဆောင်ထားသည်ကို သိရှိနိုင်ရန် မွန်ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးခင်မောင်သွင်အား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေကြားပေးခဲ့ခြင်း မရှိခဲ့ပေ။

အခြား ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများအား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဘဏ္ဍာရေးဝန်ကြီးသာလျှင် ဤကိစ္စရပ်ကို ဖြေကြားပေးနိုင်မည်ဖြစ်ကာ မိမိတို့က မဖြေကြားမပေးနိုင်ကြောင်း ပြောကြားခဲ့သည်။

Most read this week